
ဆော်ဒီအာရေးဘီးယားနိုင်ငံကလွဲလို့ တခြားနိုင်ငံအားလုံးမှ ကုမ္ပဏီပိုင် သင်္ဘောတွေအတွက် ပင်လယ်နီအတွင်း ကုန်သွယ်ရေးဆိုင်ရာ ရေကြောင်းသွားလာမှုမှာ ဘေးကင်းလုံခြုံမှုရှိတယ်လို့ ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယာယျာ ဆာရီး က စက်တင်ဘာ ၁၁ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဆော်ဒီစစ်တပ်ဟာ ယီမင်အနောက်ဘက်ကမ်းရိုးတန်းဒေသတွေမှာ အင်အားစုစည်းပြီး ပြည်သူ တွေနဲ့ ကျေးရွာတွေကို အဆက်မပြတ် တိုက်ခိုက်ခဲ့ရာကနေ နောက်ပိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ပိုပြင်းထန်လာတာကြောင့် သူတို့ကို တိုက်ထုတ်ဖို့ စက်တင်ဘာ ၃ ရက်ကတည်းက အကြီးစား စစ်ဆင်ရေးတခုကို စတင်ခဲ့တာလို့ ဟူသီဘက်က ပြောပါတယ်။
ဒီစစ်ဆင်ရေးအတွင်း တာအိဇ်နဲ့ ဟိုဒေးဒါ ပြည်နယ်တွေက စတုရန်းကီလိုမီတာ ၅,၄၀၀ ခန့်ရှိတဲ့ နယ်မြေ ၆ ခုကို ထိန်းချုပ်နိုင်ခဲ့သလို၊ တပ်မဟာ ၃၈ ခုပါတဲ့ ဆော်ဒီစစ်တပ် တပ်ဖွဲ့ ၇ ခုကို တိုက်ခိုက်ခဲ့လို့ ဆော်ဒီဘက်က ရာပေါင်းများစွာ သေဆုံး၊ ဒဏ်ရာရပြီး သုံ့ပန်းအဖြစ် ဖမ်းမိခဲ့ပါတယ်။
နှစ်ပေါင်းများစွာ ထိန်းသိမ်းခံထားရတဲ့ ယီမင်အကျဉ်းသား အချို့ကိုလည်း လွှတ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းစစ်ဆင်ရေးမှာလည်း ဆော်ဒီ တိုက်လေယာဉ်တွေကို ကြားဖြတ်တိုက်ခိုက်မှု ၃၂ ကြိမ် ပြုလုပ်ပြီး ၉ စီး ပစ်ချနိုင်ခဲ့တယ်လို့ ဟူသီတွေက ပြောပါတယ်။
ဆော်ဒီဘက်က ယီမင်အပေါ် စစ်ဆင်ရေးတွေနဲ့ ပိတ်ဆို့မှုတွေကို မရုပ်သိမ်းမချင်း ရေကြောင်း ပိတ်ဆို့တာနဲ့ စစ်ရေးအရှိန်မြှင့်တာတွေကို ဆက်လုပ်သွားမယ်လို့ ဟူသီဘက်က ထပ်ပြော ထားပါတယ်။
တပြိုင်နက်တည်းမှာပဲ အမေရိကန်စစ်တပ်ဟာ ဆော်ဒီရဲ့ စစ်ဆင်ရေးတွေမှာ သတင်းအချက်အလက်နဲ့ ပစ်မှတ် ရှာဖွေရေး အကူအညီ ပိုပေးနိုင်ဖို့ စစ်ဘက်ဆိုင်ရာ အကြံပေး ၁၀၀ ထက်မနည်း ဆော်ဒီအာရေးဘီးယားဆီ စေလွှတ်ထားတယ်လို့ CNN သတင်းမှာ ဖော်ပြပါတယ်။
ဒီအကြံပေးတွေဟာ အသစ်ဖွဲ့စည်းထားတဲ့ ပူးပေါင်းတပ်ဖွဲ့များ ကွပ်ကဲရေးဌာနရဲ့ အစိတ်အပိုင်း ဖြစ်ပြီး အမေရိကန်က စစ်မြေပြင် ပစ်မှတ် တိုက်ရိုက်ကြည့်တဲ့ နည်းပညာတွေနဲ့ ပထဝီဝင် အာကာသဆိုင်ရာ အကူအညီတွေ ပေးနေတာပါ။
ဒါပေမဲ့ အမေရိကန်ရဲ့ ပါဝင်မှုဟာ သတင်းအချက်အလက်နဲ့ နည်းပညာ ပံ့ပိုးတာလောက်ပဲ ကန့်သတ်ထားပြီး လေယာဉ်ဆီ ဖြည့်ပေးတာမျိုးနဲ့ စစ်ဆင်ရေးမှာ တိုက်ရိုက်ပါဝင်တာမျိုး လုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပင်တဂွန်ကရော အမေရိကန်ရှိ ဆော်ဒီသံရုံးကပါ အကြောင်းပြန် မှတ်ချက်ပေးတာ မရှိသေးပါဘူး။
Source: Reuters











