
ဆော်ဒီအာရေဗျနိုင်ငံ အလံလွှင့်ထူထားတဲ့ အန်ဆယ်လီယာ အမည်ရှိ ရေနံတင်သင်္ဘောဟာ ဆော်ဒီရဲ့ ဂျီဇန်ပြည်နယ်၊ အယ်လ်ရှူကေးခ်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၇၀ အကွာ ပင်လယ်နီ ရေပြင်ထဲမှာ ဖြတ်သန်းသွားလာနေတုန်း ဂရင်းနစ်စံတော်ချိန် ည ၂၀:၀၀ နာရီမှာ တိုက်ခိုက်ခံခဲ့ရပြီး သင်္ဘောရဲ့ ညာဘက်ဘေးခြမ်းနဲ့ ဦးပိုင်းတို့မှာ မီးလောင်ခဲ့ကြောင်း ဆော်ဒီအစိုးရ သတင်းအေဂျင်စီ SPA က ဇူလိုင် ၂၃ ရက်မှာ ဖော်ပြပါတယ်။
အန်ဆယ်လီယာသင်္ဘောဟာ လက်နက်ထိမှန်ပြီး မီးလောင်နေချိန်မှာ VHF ရေဒီယိုကနေတဆင့် အရေးပေါ် အကူအညီတောင်းခံစာ ပေးပို့ခဲ့ပါတယ်။
ဆော်ဒီ ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ အရာရှိတယောက်ကို ကိုးကားပြီး တိုက်ခိုက်မှုကြောင့် အန်ဆယ်လီယာ ရေနံတင်သင်္ဘောရဲ့ ဦးပိုင်းမှာ မီးလောင်ခဲ့ပေမဲ့ အပျက်အစီးမရှိဘဲ သင်္ဘောဝန်ထမ်း အားလုံးလည်း ဘေးကင်းကြပြီး အာဏာပိုင်တွေက သင်္ဘောနဲ့ အဖွဲ့ဝင်တွေ လုံခြုံရေး၊ ပင်လယ်ရေပြင်ပတ်ဝန်းကျင် မပျက်စီးရေးတို့အတွက် လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
ဆော်ဒီဘက်က ဒီတိုက်ခိုက်မှုကို အပြည်ပြည်ဆိုင်ရာဥပဒေ ချိုးဖောက်မှုအဖြစ် ရှုတ်ချခဲ့ပေမဲ့ ဘယ်သူက တိုက်ခိုက်ခဲ့တယ် ဆိုတာကို SPA က မပြောသွားပါဘူး။
သီးခြားထုတ်ပြန်ချက်တခုမှာတော့ ဆော်ဒီအပေါ် ရေကြောင်းပိတ်ဆို့မှုကို ချိုးဖောက်ခဲ့တာကြောင့် အန်ဆယ်လီယာနဲ့ လေးလာလို့ အမည်ရတဲ့ ရေနံတင်သင်္ဘော ၂ စီးကို ပဲ့ထိန်းဒုံးကျည်၊ ခရုစ်ဒုံးကျည်နဲ့ ဒရုန်း အမြောက်အမြားသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ အီရန်နဲ့ ပူးပေါင်းထားတဲ့ ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့က ပြောပါတယ်။
ဗြိတိန် ရေကြောင်းဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ ဗန်ဂါ့ဒ်ကတော့ လေးလာ သင်္ဘော ထိမှန်မှုကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုဟာ အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်လုနီးပါး လုပ်ဆောင်နေတာအပြင် ကမ္ဘာ့ရေနံတင်ပို့မှုကို ဒုတိယမြောက် ပိတ်ဆို့ဟန့်တားမှုဖြစ်အောင် ခြိမ်းခြောက်လိုက်တာလည်း ဖြစ်ပါတယ်။
Source: Reuters











