အကျဉ်းထောင်တွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး တိုးမြှင့်ဆောင်ရွက်နေ
နေလင်းအောင်
·
October 27, 2020

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အကျဉ်းသားသစ်တွေ ရောက်လာရင် အကျဉ်းသားအဟောင်းတွေနဲ့ရောမထားဘဲ သီးခြား အဆောက်အအုံမှာ နှစ်ပတ်လောက် အရင်ထားရှိနေတယ်လို့ အင်းစိန်အကျဉ်းထောင် ထောင်ပိုင်ကြီး ဦးမျိုးဌေးက ပြောပါတယ်။
အခုရက်ပိုင်း ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်နဲ့ ဧရာဝတီတိုင်း မအူပင် အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေနဲ့ ထောင်ဝန်ထမ်း တချို့ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံထားရပါတယ်။
အင်းစိန်ထောင်ပိုင်ကြီး ဦးမျိုးဌေးက “အခုဆိုရင် အကျဉ်းထောင်တွေမှာ အချုပ်သားသစ်၊ အကျဉ်းသားအသစ်တွေ ရောက်လာပြီဆိုရင် သီးခြားအဆောက်အအုံမှာ နှစ်ပတ်ကြာထား ရှိထား ပါတယ်။ ရက်ပြည့်သွားပြီဆိုရင်တော့ ထောင်မကြီးအခန်းတွေမှာ သီးခြားနေရာပြန်ချပြီး ကိုယ်အပူချိန်တိုင်းတာ၊ လက်ဆေးတာတွေ ပြုလုပ်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ အညီ လုပ်ဆောင်နေတယ်” လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှု နှုန်းမြင့်တက်လာတဲ့အချိန်မှာ အကျဉ်းသားတွေကို ကျန်းမာရေး စောင့်ရှောက်မှု နေ့ညမပြတ် လုပ်ဆောင်နေသလို အကျဉ်းကျခံနေရတဲ့သူတွေရဲ့ မိသားစုဝင်တွေ ထောင်ဝင်စာလာတွေခွင့်ကိုလည်း ပိတ်ထားပြီး ထောင်ရဲ့ဂိတ်ဝမှာ ပါဆယ်တွေကိုသာ လက်ခံပေးနေတယ်လို့ လည်းအင်းစိန်ထောင်ပိုင်ကြီးက ပြောပါတယ်။
အကျဉ်းထောင်တွေဟာ၊ အလုံပိတ်ပတ်ဝန်းကျင်ဖြစ်တာ၊ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်နေရတာနဲ့ အခုချိန်မှာ တရားရုံးတွေမရှိတဲ့အတွက် အကျဉ်းသားတွေဟာ အဝင်ရှိပြီး အထွက်မရှိတာကြောင့် ရောဂါကူးစက်မှုက လွယ်ကူတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP တာဝန်ရှိသူ ဦးတိတ်နိုင်က ပြောပါတယ်။
အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျန်းမာရေးနဲ့အားကစားဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေး ကတော့ အကျဉ်းထောင်တွေမှာ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေးနဲ့ အကျဉ်းထောင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ပိုပြီးကောင်းမွန်အောင် လုပ်ဆောင်ဖို့ကို ပြောဆိုထားပါတယ်။
အကျဉ်းထောင်တွေမှာ ရောဂါပိုးရှိမရှိ၊ စစ်ဆေးရမယ့်လုပ်ငန်းလမ်းညွှန်တွေကိုလည်း ချက်ချင်းပေးပို့သွားမှာဖြစ်ပြီး ဓာတ်ခွဲနမူနာယူဖို့အတွက် အကျဉ်းဦးစီးဌာနက ကျန်းမာရေး ဝန်ထမ်းတွေကို သင်ကြားပေးမယ်လို့လည်း ဒေါက်တာမြင့်ထွေးက ပြောပါတယ်။
ဒါ့အပြင် အကျဉ်းကျခံနေရတဲ့သူတွေမှာ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်၊ HIV၊ တီဘီ စတဲ့ ရောဂါအခံရှိသူတွေကို စာရင်းပြုစုထားပြီး ရောဂါကာကွယ်ရေး စည်းကမ်းတွေကို အထူးလိုက်နာအောင် ကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
သတင်း- နေလင်းအောင်