DVB Logo
Home
မြန်မာသတင်း
ပဲခူးတွင် ကိုဗစ်လူနာများလာသဖြင့် NLD ဝန်းရံသူများ စီတန်းလှည့်လည်ခြင်းမလုပ်ရန် မေတ္တာရပ်ခံ
DVB
·
October 25, 2020
ပဲခူးတွင် ကိုဗစ်လူနာများလာသဖြင့် NLD ဝန်းရံသူများ စီတန်းလှည့်လည်ခြင်းမလုပ်ရန် မေတ္တာရပ်ခံ
Donate to DVB

Stay at Home ကြေညာထားတဲ့ ပဲခူးမြို့မှာ အတည်ပြုလူနာတွေ များနေပြီး ကျန်းမာရေးအရ စိုးရိမ်ရတာကြောင့် အန်အယ်လ်ဒီပါတီဝင်တွေ၊ ဝန်းရံသူတွေအနေနဲ့ စီတန်း လှည့်လည်တာတွေ မလုပ်ကြဖို့ မြို့နယ်အောင်နိုင်ရေးအဖွဲ့က မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ  ပဲခူးမြို့နယ်အတွင်း နိုင်ငံရေး ပါတီ ၈ ခုနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် ၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

မြို့နယ်အောင်နိုင်ရေးတာဝန်ခံ ဒေါက်တာစန်းမောင်မောင်က “ရွေးကောက်ပွဲကလည်း ကျင်းပဖို့ ၁၀ ရက်သာသာပဲ လိုတော့တဲ့အချိန်မှာ NLD ရပ်ကျေးပါတီဝင်တချို့နဲ့ ဝန်းရံသူတွေကနေ ပဲခူးမြို့အတွင်းမှာ စီတန်းလှည့်လည်တာတွေ ပြုလုပ်မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။ အခုလိုအချိန်မျိုးမှာ စီတန်းလှည့်လည်တာတွေ၊ လူစုလူဝေးပြုလုပ်တာတွေ လုပ်မယ်ဆိုရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေအရ အရေးယူခံနိုင်တဲ့အတွက် ပါတီဝင်တွေ ဝန်းရံသူတွေကို မလိုလားအပ်တာတွေ ဖြစ်မှာစိုးတဲ့အတွက် Stay at Home ကာလအတွင်း စီတန်းလှည့်လည်တာတွေ မလုပ်ဖို့ ပဲခူးမြို့နယ် NLD ပါတီ အောင်နိုင်ရေးအဖွဲ့ကနေ ၄ ကြိမ်မြောက် ပန်ကြားစာ ထုတ်ပြန် မေတ္တာရပ်ခံတာ” လို့  ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့မှာ ပဲခူးမြို့နယ်လုံး အတိုင်းအတာနဲ့ NLD ပါတီကနေ လှည့်လည်ကြမယ်ဆိုပြီး သတင်းထွက်ပေါ်နေတာလို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၁ ဦးဖြစ်တဲ့ ဦးဇေလတ်က ပြောပါတယ်။

“ဒီသတင်း ဘယ်ကနေ စထွက်လာတယ်ဆိုတာတော့ မသိရပါဘူး။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ကတော့ ဒီလိုမျိုး လှည့်လည်တာတွေမလုပ်ဖို့ အတိအလင်း ပြောထားပြီးသား ဖြစ်ပါတယ်။ အခုလို သတင်းတွေ ထွက်ပေါ်လာတာဟာ ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးလိုတဲ့သူတွေကနေ ဒီလိုသတင်းတွေ လွှင့်တာဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ကတော့ ပဲခူးမြို့မှာ လတ်တလော လှည့်လည်ဖို့ အစီအစဉ် မရှိသေးဘူးလို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီက တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းခန့်ကျော်က ပြောပါတယ်။

လတ်တလောမှာတော့ ပဲခူးမြို့နယ်မှာ NLD ပါတီရော၊ ပြည်ခိုင်ဖြိုးပါတီရော လှည့်လည်မှုတွေ မလုပ်ကြဘဲ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တစညပါတီတို့ကတော့ အနည်းငယ် သွားလာမှုတွေ ရှိနေကြတယ်လို့ သိရပါတယ်။

ပဲခူးမြို့မှာ ပိုးတွေ့လူနာ တဖြည်းဖြည်း များလာကာ အောက်တိုဘာ ၂၅ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၃၀ အထိ ရှိနေပြီး သေဆုံးသူတော့မရှိသေးဘူးလို့ သိရပါတယ်။

သတင်း - အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013