DVB Logo
Home
မြန်မာသတင်း
ဆေးပစ္စည်းနှင့်အကူညီပေးရေးဝန်ထမ်းများကို ကုလအထူးလေယာဉ်ဖြင့် ရခိုင်သို့ ပို့ဆောင်
DVB
·
October 24, 2020
ဆေးပစ္စည်းနှင့်အကူညီပေးရေးဝန်ထမ်းများကို ကုလအထူးလေယာဉ်ဖြင့် ရခိုင်သို့ ပို့ဆောင်
Donate to DVB

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ စီစဉ်မှုနဲ့ ကုလသမဂ္ဂ အထူးလေယာဉ်တစင်းဟာ ဆေးပစ္စည်းအထောက်အပံ့တွေ၊ အကူအညီပေးရေးဝန်ထမ်းတွေနဲ့ ဒီနေ့ အောက်တိုဘာ ၂၄ ရက်မှာ ရခိုင်ပြည်နယ်ကို စတင်ပျံသန်းပါတယ်။

ဒါဟာ ပြည်တွင်းစီးပွားဖြစ်လေကြောင်းလိုင်းတွေကို အစိုးရက ရပ်နားထားပြီးနောက်ပိုင်း WFP ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပထမဆုံးပျံသန်းတဲ့ ပြည်တွင်းခရီးစဉ်လည်း ဖြစ်ပါတယ်။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Stephen Anderson က “လိုအပ်ချက်ရှိတဲ့အပေါ်မှာ မူတည်ပြီး အခုလို ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို တိုးချဲ့ပြေးဆွဲသွားနိုင်ဖို့ ကျနော်တို့ ပြင်ဆင်ထားပါတယ်။ COVID-19 တုံ့ပြန်မှုလုပ်ငန်းတွေနဲ့ လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းတွေမှာ ရှေ့တန်းကနေ ပါဝင်ကူညီကြမယ့်သူတွေကို လိုရာခရီး ရောက်အောင် သယ်ယူပို့ဆောင်ပေးနိုင်ဖို့ ဖြစ်ပါတယ်” လို့ Mr Anderson က ပြောပါတယ်။

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေ အားလုံးအတွက် အခုလို လေကြောင်းခရီးစဉ်တွေကနေတဆင့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ပေးခွင့်ရတဲ့အတွက် ဂုဏ်ယူမိတယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်လေဆိပ်ကနေ စစ်တွေကို ပျံသန်းတာဖြစ်ပြီး ရန်ကုန်မြို့နဲ့ စစ်တွေမြို့အကြားဆက်သွယ်တဲ့ ကုန်းလမ်း၊ ရေလမ်းတွေဟာ လတ်တလောသွားလာဖို့ တော်တော်ခက်ခဲတာကြောင့် ဖြစ်တယ်လို့ WFP က ဆိုပါတယ်။

ဒီခရီးစဉ်ကို ဥရောပသမဂ္ဂ European Civil Protection and Humanitarian Aid Operations (ECHO) က ငွေကြေးထောက်ပံ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့ တခြားမိတ်ဖက်အဖွဲ့အစည်းတွေ ပေါင်းစပ်ညှိနှိုင်းပေးခဲ့တာလို့လည်း ဆိုပါတယ်။

လိုက်ပါသူခရီးသည်တွေဟာ ခရီးစဉ်မတိုင်ခင် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ပံ့ပိုးကူညီမှုနဲ့ ကိုဗစ်-၁၉ ဆေးစစ်ခံကြရပြီး အစိုးရ ချမှတ်ထားတဲ့ လေကြောင်းခရီးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ၊ အသွားအလာကန့်သတ်မှုစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြရမှာလည်း ဖြစ်ပါတယ်။

WFP အနေနဲ့ စစ်တွေခရီးစဉ်တွေကို ဆက်လက်ပြေးဆွဲဖို့ရှိပြီး တခြားနေရာတွေကို ပြေးဆွဲဖို့အတွက်ကတော့ အဲဒီနေရာတွေရဲ့ လိုအပ်ချက်နဲ့ ခရီးသွားရေးအခြေအနေ၊ အစိုးရက ပြည်တွင်းလေကြောင်းခရီးစဉ်တွေ ဆက်ပိတ်၊ မပိတ်ကို သုံးသပ်ဆွေးနွေးနေတယ်လို့ ဆက်သွယ်ဆက်ဆံရေးအရာရှိက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ စီးပွားဖြစ်လေကြောင်းခရီးစဉ်တွေကိုလည်း ပြည်တွင်းကို ဆိုက်ရောက်ခွင့် ပိတ်ထားတာကြောင့် WFP ဟာ မေလအစောပိုင်းကစပြီး ရန်ကုန်၊ ဗီယန်ကျင်းနဲ့ ကွာလာလမ်ပူမြို့တို့ကို အထူးလေကြောင်းခရီးစဉ်တွေ အပတ်စဉ်ပုံမှန်ပြေးဆွဲပေးနေပြီး မြန်မာနိုင်ငံထဲကို ဆေးပစ္စည်း အထောက်အပံ့တွေနဲ့ အကူအညီပေးရေးဝန်ထမ်းတွေ ပုံမှန်သယ်ယူပို့ဆောင်ပေးနေပါတယ်။

ပြီးတော့ နိုင်ငံထဲက အသွားအလာကန့်သတ်‌စောင့်ကြည့်မှုစင်တာတွေ၊ ကိုဗစ်-၁၉ ကုသရေး ဌာနတွေနဲ့ နယ်စပ်ဂိတ်တွေမှာ ထမင်းဟင်း၊ စားနပ်ရိက္ခာတွေကိုလည်း ထောက်ပံ့ပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013