DVB Logo
Home
မြန်မာသတင်း
သစ်ပင်သစ်တောချစ်တတ်လာစေရန် သက်တမ်းရင့်သစ်ပင်ကြီးများကို ရှာဖွေ မှတ်တမ်းတင်နေ
DVB
·
October 23, 2020
သစ်ပင်သစ်တောချစ်တတ်လာစေရန် သက်တမ်းရင့်သစ်ပင်ကြီးများကို ရှာဖွေ မှတ်တမ်းတင်နေ
1 / 2
Donate to DVB

ရှမ်းပြည်နယ်အတွင်း ပြည်သူတွေအနေနဲ့ သစ်ပင်သစ်တောတွေ ချစ်တတ်လာစေဖို့ ရည်ရွယ်ချက်နဲ့ ပြည်နယ်သစ်တောဦးစီးဌာနကနေ နှစ်ချို့သက်တမ်းရင့် သစ်ပင်ကြီးတွေကို ရှာဖွေပြီး အမျိုးအစားအလိုက် မှတ်တမ်းတင်တာတွေကို ပြုလုပ်နေပါတယ်။

၂၀၁၇ ခုနှစ်ကနေစတင်ကာ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ အကြီးဆုံးလို့ ယူဆရတဲ့ သက်တမ်းရင့်သစ်ပင်ကြီး ၉ ပင်ကို ၃ နှစ်တာကာလအတွင်း မှတ်တမ်းတင်ထားပြီး သနပ်ခါးပင်၊ တောင်ဇလပ်နီ၊ ချယ်ရီ၊ သရက္ခန်၊ ကျောက်ပန်းပြား၊ ကညင်ဖြူ၊ ပိတောက်နက်(ခ)ပျဉ်းပိတောက်၊ ပရုပ်၊ စကားဝါ စတဲ့အပင်တွေ ပါဝင်ပါတယ်။

ပထမဆုံးမှတ်တမ်းတင်နိုင်ခဲ့တဲ့ အပင်ကတော့ သနပ်ခါးပင်ဖြစ်ပြီး ရင်စို့လုံးပတ် ၇ ပေ နဲ့ ၆ လက်မ ရှိကာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ မိုးလုံးကျေးရွာမှာ ၂၀၁၇ ခုနှစ်က တွေ့ရှိ မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။ 



ရင်စို့လုံးပတ်က ၉ ပေရှိတဲ့ တောင်ဇလပ်နီကိုတော့ ပြီးခဲ့တဲ့ ဇွန်လက ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဲနယ်တောင်တန်းမှာ တွေ့ရှိခဲ့တာပါ။ ချယ်ရီပင်ကိုတော့ တောင်ကြီးမြို့၊ ဗုဒ္ဓတက္ကသိုလ်အနီးမှာ တွေ့ရှိရပြီး ရင်စို့လုံးပတ် ၁၂ ပေနီးပါးရှိပါတယ်။ 

သရက္ခန်ပင်ကတော့ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ မန်ပူးကျေးရွာမှာ တွေ့ရှိရပြီး ရင်စို့လုံးပတ် ၁၈ ပေရှိပါတယ်။ ရင်စို့လုံးပတ်ပေ ၂၀ နီးပါးရှိတဲ့ ကျောက်ပန်းပြားပင်ကိုတော့ ပြည်နယ်ဝန်ကြီးချုပ်ဝင်းအတွင်း တွေ့ရှိရတယ်လို့ သိရပါတယ်။ 

ကညင်ဖြူကတော့ လုံးပတ် ၄၁ ပေရှိကာ ဖယ်ခုံမြို့နယ်မှာ တွေ့ရှိရတာပါ။ ပိတောက်နက်(ခ)ပျဉ်းပိတောက်ကိုတော့ မိုင်းဖြတ်မြို့နယ် ဆေးရုံဝင်းအတွင်း တွေ့ရှိရပြီး လုံးပတ်ပေ ၃၀ ရှိတယ်လို့ ဆိုပါတယ်။ 

အကြီးဆုံးပရုပ်ပင်ကိုတော့ ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံးအတွင်း တွေ့ရှိရကာ ရင်စို့လုံးပတ် ၂၂ ပေခွဲကျော်ရှိတယ်လို့ သိရပါတယ်။ နောက်ဆုံးတွေ့ရှိတာကတော့ စကားဝါပင်ဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်နေ့ကပဲ နောင်ချိုမြို့နယ်၊ နောင်ဖာကျေးရွာမှာ တွေ့ရှိခဲ့တာပါ။ ရင်စို့လုံးပတ်အနေနဲ့ ၂၇ ပေခွဲကျော်ရှိပြီး အမြင့်အားဖြင့် ပေ ၁၅၀ ခန့်ရှိတယ်လို့ သိရပါတယ်။

ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက“နောက်ဆုံးတွေ့တဲ့ စကားဝါပင်ဆိုရင် မှတ်တမ်းတင်ခဲ့တာ ၉ ပင်ထိရှိပြီ။ ပထမဆုံး မှတ်တမ်းတင်ခဲ့တာကတော့ သနပ်ခါးပေါ့။ မှတ်တမ်းတင်ထားတဲ့ အပင်တွေအားလုံးကတော့ တချို့ဆို နှစ်ပေါင်း ၁၀၀၀ ဝန်းကျင်ထိ ရှိတော့မယ်လို့ ယူဆရတယ်။ အတိအကျကတော့ ကာဗွန်နည်းနဲ့ စမ်းသပ်တာတို့၊ ပင်စည်ခုတ်လှဲပြီး နှစ်ကွင်းတွေကြည့်ပြီးမှ ခန့်မှန်းတာတို့ပဲ လုပ်နိုင်မယ်ပေါ့။ ဒီလိုအပင်ကြီးတွေရှိတာက ဒေသခံတွေကို ဂုဏ်ယူချင်စိတ်တွေ ဖြစ်ပေါ်စေတယ်။ ဒီကနေ သစ်ပင်ချစ်စိတ်တွေဖြစ်လာတယ်။ သစ်တမ်းရင့်အပင်ကြီးတွေကို ထိန်းသိမ်းလိုစိတ်တွေ ဖြစ်စေတယ်။ ဒါမျိုးတွေတွေ့ရင် သတင်းပေးပါဆိုပြီး ပြည်နယ်သစ်တောဦးစီးဌာနရဲ့ စာမျက်နှာ ကနေ မေတ္တာရပ်ခံတာပေါ့။”လို့ ပြောပါတယ်။

အခုလို သစ်ပင်ကြီးတွေက ထူးထူးခြားခြား ရှားရှားပါးပါးကျန်ရှိနေရတာက တစ်ချို့က ဒေသရဲ့ ယုံကြည်ကိုးကွယ်မှုတွေအရ သက်ဆိုင်သလို တချို့အပင်တွေကတော့ အစိုးရရုံး အဆောက်အဦဝင်းတွေအတွင်းမှာ တည်ရှိနေတာဖြစ်ပြီး တချို့အပင်တွေကတော့ ဒေသခံတွေ ကိုယ်တိုင်က အစဉ်အဆက် စောင့်ရှောက်ထိန်းသိမ်းလာခဲ့တာတွေကြောင့်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

အခုတွေ့ရှိထားတဲ့ သစ်ပင်တွေကိုတော့ ပြည်နယ်သစ်တောဦးစီးဌာနကနေ ကမ္ဗည်းမော်ကွန်းကျောက်စာတွေ စိုက်ထူးသွားမှာဖြစ်ကာ ဒေသခံတွေနဲ့ သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး ကာကွယ်စောင့်ရှောက်သွားမယ်လို့လည်း သိရပါတယ်။ 

နောက်ထပ်လည်း ကိုယ့်နေရာ ကိုယ့်ဒေသတွေမှာ အကြီးဆုံးလို့ ယူဆရတဲ့ အပင်တွေ တွေ့ရှိရင် ဘယ်အပင်အမျိုးအစားကိုမဆို မှတ်တမ်းတင်ထားရှိနိုင်အောင် သတင်းပေးကြဖို့ ပြည်နယ်သစ်တောဦးစီးဌာနကနေ လူမှုကွန်ရက်စာမျက်နှာကတဆင့် မေတ္တာရပ်ခံထားပါတယ်။

ဓာတ်ပုံ-ရှမ်းပြည်နယ် သစ်တောဦးစီးဌာန

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013