DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းက အထည်ချုပ်စက်ရုံအားလုံး ၁ ရက်ဖွင့်ပြီး အကုန်ပြန်ပိတ်ရ
DVB
·
October 23, 2020
ဧရာဝတီတိုင်းက အထည်ချုပ်စက်ရုံအားလုံး ၁ ရက်ဖွင့်ပြီး အကုန်ပြန်ပိတ်ရ
Donate to DVB

ဧရာဝတီတိုင်းအတွင်း အထည်ချုပ်စက်ရုံအားလုံး ၁ ရက်သာဖွင့်ခွင့်ရခဲ့ပြီး အကုန်ပြန်ပိတ်ခဲ့ရတယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့အတွက် အထည်ချုပ်စက်ရုံအားလုံးကို အောက်တိုဘာ ၈ ရက်ကနေ ၂၁ ရက်နေ့အထိ ဧရာဝတီတိုင်းအစိုးရက ယာယီပိတ်သိမ်းစေခဲ့ပြီး အောက်တိုဘာ ၂၂ ရက်နေ့မှာ စက်ရုံအားလုံး ပိတ်သိမ်းဖို့ သတ်မှတ်ရက်ပြည့်တဲ့အတွက် ပြန်လည်ဖွင့်လှစ်ခဲ့ကြပါတယ်။

ဒီလိုမျိုး ပြန်လည်ဖွင့်လှစ်ခဲ့တဲ့အတွက် ဧရာဝတီတိုင်းအစိုးရက အောက်တိုဘာ ၂၂ ရက်နေ့မှာ တရားဝင် စာထုတ်ပြန်ကာ စက်ရုံများ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားဖို့ ညွှန်ကြားခဲ့တယ်လို့ ပုသိမ် စက်မှုဇုန်က အထည်ချုပ်စက်ရုံတွေက သိရပါတယ်။

ပုသိမ်စက်မှုဇုန် Amava Apparel စက်ရုံတာဝန်ရှိသူတဦး “အဓိကတော့ ကိုဗစ်ရောဂါ ဖြစ်ပွားနေဆဲဖြစ်လို့ အထည်ချုပ်စက်ရုံတွေအားလုံး ပိတ်ထားဖို့ ဒီနေ့မနက်မှာ တရားဝင် အကြောင်းကြားစာ ကျမတို့ဆီ ရောက်ရှိလာခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့မှာ အလုပ်သမားတွေကို အိမ်ပြန်လွှတ်ခဲ့ပြီး ကျမတို့ စက်ရုံပိတ်သိမ်းခဲ့ပါတယ်။ ပိတ်ဖို့ညွှန်ကြားတာတော့ ပုသိမ်စက်မှုဇုန်က စက်ရုံအားလုံးကို ညွှန်ကြားထားတယ်လို့ သိရတယ်။ ဘယ်နေ့ပြန်ဖွင့်ရမယ်လို့တော့ စာထဲမှာ မပါဘူး။ ပြန်ဖွင့်ရမယ့်ရက်ကို သူတို့ အကြောင်းကြားမယ်လို့ပဲ သိရပါတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာရှိတဲ့ အထည်ချုပ်စက်ရုံ ၁၂ ရုံကို အစိုးရတာဝန်ရှိသူတွေ စစ်ဆေးတဲ့အခါ စက်ရုံ ၁၁ ရုံက A အဆင့် ရတဲ့အတွက် ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးဖို့ နေပြည်တော်မှာရှိတဲ့ အမျိုးသားအဆင့် ကိုဗစ်ထိမ်းချုပ်ရေး ကော်မတီထံ တင်ပြထားကြောင်း၊ ကော်မတီထံက ခွင့်ပြုချက်မရမီကာလအတွင်း စက်ရုံများ ယာယီပိတ်ခိုင်းတာသာဖြစ်ကြောင်း ဧရာဝတီတိုင်းအလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။

“စက်ရုံတွေကို စစ်ဆေးတဲ့အခါမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း ကိုဗစ်ကာကွယ်ရေး အဆင့်မီအောင်ဆောင်ရွက်ထားတဲ့ A အဆင့်ရတဲ့ စက်ရုံ ၁၁ ရုံ ရှိပါတယ်။ အဲဒီ ၁၁ ရုံကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးဖို့ အမျိုးသားအဆင့် ကိုဗစ်ကော်မတီကို တင်ပြထားတယ်။ ကော်မတီဆီကနေ အမိန့်ပြန်မကျသေးတဲ့ ဒီလိုကြားကာလမှာ စက်ရုံလုပ်ငန်းတွေ ယာယီရပ်ထားဖို့ ညွှန်ကြားတာသာ ဖြစ်ပါတယ်" လို့ ဧရာဝတီတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ အထည်ချုပ်စက်ရုံ ၁၂ ရုံရုံရှိပြီး အလုပ်သမားပေါင်း ၁ သောင်း ၅ ထောင်ခန့် အလုပ်လုပ်နေကြပါတယ်။ ကိုဗစ်ရောဂါကြောင့် ဧရာဝတီတိုင်းအစိုးရက အထည်ချုပ်စက်ရုံတွေကို စက်တင်ဘာ ၂၄ ရက်နေ့ကနေ အောက်တိုဘာ ၇ ရက်အထိ ၂ ပတ်ကြာ ပထမအကြိမ် ပိတ်ခဲ့ပြီး အောက်တိုဘာ ၈ ရက်ကနေ အောက်တိုဘာ ၂၁ ရက်အထိ ဒုတိယအကြိမ် ထပ်မံပိတ်သိမ်းခဲ့ပါတယ်။

အောက်တိုဘာလ ၂၂ ရက်နေ့မှာတော့ ဧရာဝတီတိုင်းအစိုးရက အထည်ချုပ်စက်ရုံတွေကို တတိယအကြိမ် ပိတ်ခိုင်းခဲ့တာဖြစ်ပြီး ဒီတကြိမ်မှာတော့ ပြန်လည်ဖွင့်လှစ်ရမယ့်ရက်ကိုပါ သတ်မှတ်ထားခြင်းမရှိသေးပါဘူး။

သတင်း - မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013