
ပိုလန်နိုင်ငံမှာ အပူချိန်မြင့်တက်လာတာနဲ့အမျှ ဝါဆောမြို့သားတွေဟာ ဇွန် ၂၀ ရက်မှာ ဗစ္စတူလာမြစ်က ပုံမှန်ရေဖုံးလွှမ်းနေတဲ့ ကျယ်ပြန့်တဲ့ ကမ်းခြေတွေမှာ နေသာတဲ့ရာသီဥတုကို ခံစားခဲ့ကြပေမဲ့ ဒေသတွင်းမှာ ရေရှားပါးလာလို့ စိုးရိမ်ခဲ့ပါတယ်။
လူတွေဟာ ၃၀ ဒီဂရီစင်တီဂရိတ် အပူချိန်မှာ မြစ်ကမ်းပေါ်မှာ နေပူဆာလှုံပြီး လှေလှော်နေတာကို မြင်တွေ့ရပါတယ်။ ရေမျက်နှာပြင် နိမ့်ကျနေပေမဲ့လည်း ကူးတို့သင်္ဘောငယ်လေးတွေကတော့ ဆက်ခုတ်မောင်းနေပါတယ်။
ကူးတို့သင်္ဘောကပ္ပတိန် မာရက်ခ်က ရာသီဥတုပြောင်းလဲမှုကြောင့် သူ့လှေကို မောင်းဖို့ ပိုခက်လာတယ်လို့ ပြောပါတယ်။
မြစ်ရေမျက်နှာ ပြင်ဟာ တခါတလေ ခုတ်မောင်းလို့ မရလောက်အောင် အလွန်နိမ့်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
“ကျနော်တို့မှာ ဘာကိုမဆို မျှော်လင့်နိုင်တဲ့ အခြေအနေတွေကနေ အခုတော့ မိုးမရွာဘူး၊ ဆောင်းရာသီမှာ နှင်းမကျဘူး၊ ဒါကြောင့် ရေက ဘယ်ကလာမှာလဲ။”
ရုံးဝန်ထမ်း အသက် ၄၇ နှစ်အရွယ် တိုမာ့စ်ဇာဝစ်စတိုစကီက “ဒါမျိုး နှစ်နည်းနည်းကြာအောင် ဆက်ဖြစ်နေရင် ရေပိုက်ခေါင်းတွေမှာ ရေမရှိတော့ဘူးလားလို့ ကျနော်တွေးမိပါတယ်” လို့ ပြောပါတယ်။
အပူဒဏ်ရှိနေပေမဲ့ ဒေသခံ အမြောက်အမြားက ခပ်အေးအေးနေထိုင်ရင်း ရာသီဥတုကို ခံစားနိုင်တဲ့ နည်းလမ်းတွေကို ရှာတွေ့ခဲ့ကြပါတယ်။
ဝါဆောမြို့တော်မှာ စိမ်းလန်းနေတဲ့ နေရာတွေ ပိုရှိနေလို့ မြင့်မားတဲ့အပူချိန်ကို တခြားဥရောပမြို့တော်တွေထက် ပိုကောင်းကောင်း ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့တယ်လို့ အစားအစာတင်ပို့သူ ပီအိုတာ ပေါ့ဒ်လာစကီက ပြောပါတယ်။
Source: Reuters










