DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဆိုးဆိုးဝါးဝါးဖြစ်ပွားသူ မရှိသေးဟု ဆေးရုံအုပ်ကြီးပြော
DVB
·
October 18, 2020
ကရင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဆိုးဆိုးဝါးဝါးဖြစ်ပွားသူ မရှိသေးဟု ဆေးရုံအုပ်ကြီးပြော
1 / 2
Donate to DVB

ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါဖြစ်ပွားမှု များပြားလာပေမယ့် ရောဂါဆိုးဆိုးဝါးဝါး ဖြစ်ပွားသူ မရှိသေးဘူးလို့ ဘားအံဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်က ဒီဗွီဘီကို ပြောပါတယ်။ 

“ဆိုးဆိုးဝါးဝါးတော့ မရှိသေးဘူး။ ဓာတ်မှန်အရ စိုးရိမ်ရလို့ထားတဲ့သူတွေတော့ ရှိတယ်။ ထပ်မံတိုးချဲ့ဆောင်တွေမှာ ကျနော်တို့ဆီက မစိုးရိမ်ရဘူးလို့ ထင်ရတဲ့သူတွေ ပို့ထားတယ်” လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့အထိ ဓာတ်ခွဲအတည်ပြုလူနာ ၁၅၀ ဦးအထိ ရှိလာပေမယ့် ရောဂါဆိုးဆိုးဝါးဝါးလူနာ မရှိသလို စောင့်ကြည့်ဆေးကုသဆောင်တွေ တိုးချဲ့ဖွင့်လှစ်ပြီး ဆေးကုသမှုတွေ ပေးထားတယ်လို့ ဆိုပါတယ်။

ဆေးရုံကြီး သီးသန့်လူနာထားရှိတဲ့ (Isolation Unit) ဆောင်မှာ အသက် ၆၀ နဲ့အထက် လူနာတွေ၊ ရောဂါအခံရှိသူတွေ၊ ဓာတ်မှန်အဖြေအရ  အဆုတ်မှာ ရောဂါလက္ခဏာရှိနေသူတွေနဲ့ လက္ခဏာမပြသေးတဲ့ လူနာတွေကို ထားရှိထားပါတယ်။

ထပ်မံပြီး ခုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံနဲ့ ဘားအံပညာရေးကောလိပ် ကျောင်းဆောင်တွေမှာ စောင့်ကြည့်ဆေးကုသမှုတွေ ပေးထားပါတယ်။

ကရင်ပြည်နယ်​​ဒေသခံ ဓာတ်ခွဲအတည်ပြုလူနာ ၁၁၂ ဦး၊ တခြားဒေသက လူနာ ၃၈ ဦး၊ တက်ရောက်​ဆေးကုသဆဲ လူနာ ၇၇ ဦး၊ သေဆုံးလူနာ ၂ ဦးထိ ရှိတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတချို့က ပြန်လည်ဝင်ရောက်လာတဲ့ ပြည်နယ်သူ ပြည်နယ်သားတွေကို ကိုဗစ်စစ်ဆေးမှုအတွက် အခမဲ့ စစ်ဆေးပေးသွားမှာ ဖြစ်သလို ပြန်လည်ရောက်ရှိကြောင်း အသိပေး အကြောင်းကြား​​ခြင်း မရှိသူတွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေနဲ့ အရေးယူသွားမယ်လို့ အသိပေး နှိုးဆော်ထားပါတယ်။

ပြည်နယ်အတွင်း ကူးစက်မှု စတင်နေပြီ​ဖြစ်တဲ့အတွက် တခြားပြည်နယ်တွေလို ဂရုစိုက်ပြီး နေထိုင်ကြဖို့ ဆေးရုံအုပ်ကြီးက တိုက်တွန်းထားပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013