
အိမ်နီးချင်း ယူကရိန်းကို ရုရှားရဲ့ တညတာ တိုက်ခိုက်မှုအတွင်း NATO မဟာမိတ်အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့ ရိုမေးနီးယားနိုင်ငံရှိ တိုက်ခန်းတခန်းကို ဒရုန်းထိမှန်ခဲ့ပြီးနောက် မဟာမိတ်နိုင်ငံတွေရဲ့ နယ်မြေတလက်မချင်းစီကို ကာကွယ်ဖို့ အဆင်သင့်ပဲလို့ မဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲ မာ့ခ် ရွတ်တေက မေ ၂၉ ရက်မှာ ပြောပါတယ်။
မာ့ခ်ရွတ်တေက သူဟာ ရိုမေးနီးယားသမ္မတ နီကူဆာဒန်နဲ့ စကားပြောဆိုခဲ့ပြီး ဖြစ်စဉ်အတွင်း ဒဏ်ရာ ရရှိခဲ့သူတွေအတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ NATO အနေနဲ့ ရိုမေးနီးယားအပေါ် လုံးဝ စည်းလုံးညီညွတ်စွာရှိကြောင်း အာမခံခဲ့တယ်လို့ X လူမှုကွန်ရက်မှာ ရေးပါတယ်။
ဒါ့အပြင် ဒရုန်းအန္တရာယ်တွေအပါအဝင် ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို ဟန့်တားကာကွယ်ဖို့ အတွက် မိမိတို့ရဲ့ အသင့်ပြင်ဆင်မှုကို ပိုမိုမြှင့်တင်သွားမယ်လို့လည်း ဆိုပါတယ်။
မာ့ခ် ရွတ်တေက "ရုရှားရဲ့ အဆင်အခြင်မဲ့တဲ့ အပြုအမူတွေက ကျနော်တို့အားလုံးအတွက် အန္တရာယ် ရှိပါတယ်။ သူတို့ဟာ ယူကရိန်း တနိုင်ငံလုံးက အရပ်သားတွေနဲ့ အရပ်ဘက် အခြေခံ အဆောက်အအုံတွေကို ဆက်လက် ပစ်မှတ်ထားနေပြီး၊ သူတို့ရဲ့ တရားမဝင် ကျူးကျော်စစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဟာ နယ်စပ်မှာတင် ရပ်တန့်မသွားဘူး ဆိုတာကို မနေ့ညက ဖြစ်စဉ်က နောက်တကြိမ် ထပ်ပြီးသက်သေပြလိုက်တာပဲ" လို့ သူ့ရဲ့ X စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။
အဲဒီအပြင် ရုရှားရဲ့ စစ်ပွဲနဲ့ အရပ်သားလုံခြုံရေးအပေါ် မလေးစားမှုတွေကို အဆုံးသတ်ဖို့ လိုပြီ ဖြစ်ကြောင်းနဲ့ နေတိုးအနေနဲ့ ယူကရိန်းရဲ့ ခုခံစစ်ကို ဆက်လက်ပံ့ပိုးသွားမယ်လို့လည်း ဖြည့်စွက် ပြောပါတယ်။
ဒါ့အပြင် နေတိုးအဖွဲ့ရဲ့ ဥရောပဆိုင်ရာ မဟာမိတ်တပ်ဖွဲ့များ ထိပ်တန်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အလက်ဆပ်စ်ဂရင်န်ကီဝစ်ချ်ဟာ ရိုမေးနီးယား စစ်ဘက်ဆိုင်ရာ စစ်ဦးစီးချုပ် ဂီအော်ဂီတာ ဗလတ် နဲ့မနေ့က ဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့တယ်လို့လည်း နေတိုးအဖွဲ့က ကြေညာပါတယ်။
ခေါင်းဆောင် ၂ ယောက်ဟာ ယူကရိန်းနဲ့ ရိုမေးနီးယား နယ်စပ်အနီးက ယူကရိန်း အခြေခံအဆောက်အအုံတွေကို ရုရှားက ညတွင်းချင်း တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အပေါ် ဆွေးနွေး ခဲ့ကြပြီး ဖြစ်စဉ်အတွင်း NATO ညွှန်ကြားချက် အောက်က "Eastern Sentry" စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတခုအနေနဲ့ ရိုမေးနီးယားနိုင်ငံရဲ့ F-16 တိုက်လေယာဉ် ၂ စင်းကို ချက်ချင်း အရေးပေါ် ပျံသန်းစေခဲ့တဲ့ အခြေအနေတွေကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။
ဗိုလ်ချုပ်ကြီး ဂရင်န်ကီဝစ်ချ် က ဒဏ်ရာရခဲ့သူတွေအတွက် စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပြီး၊ စုပေါင်းကာကွယ်ရေး အားကောင်းစေဖို့ ဆောင်ရွက်ချက်တွေကို ပြန်သုံးသပ်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ ဖြစ်စဉ်ကို ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ကာကွယ်ရေးဆိုင်ရာ အစီအမံတွေကို စဉ်းစားသုံးသပ်နေသလို နှစ်ဖက် အနီးကပ်ဆုံး ဆက်သွယ်သွားဖို့လည်း သဘောတူခဲ့ကြပါတယ်။
Source: Reuters











