ပူတာအိုတွင် လေပြင်းမုန်တိုင်းကြောင့် နေအိမ်များ ပြိုကျပျက်စီး
DVB
·
October 17, 2020
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မုံဒုံ ၂ ကျေးရွာနဲ့ ပမ္မတီးကျေးရွာတွေမှာ အောက်တိုဘာ ၁၆ ရက်နေ့ည ၁၀ နာရီလောက်က လေပြင်းမုန်တိုင်းကျရောက်လို့ နေအိမ်တွေနဲ့ ကျောင်းဆောင်တွေ ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေပြင်းမုန်တိုင်းတိုက်လို့ မုံဒုံ ၂ ရွာရှိ အလယ်တန်ကျောင်းအတွင်းက ကျောင်းဆောင်ဟောင်းနဲ့ ကျောင်းပတ်လည် သစ်ပင်တွေ ပြိကျပျက်စီးသွားတယ်လို့ တာ၀န်ကျ ကျောင်းဆရာတဦးက ပြောပါတယ်။
"၁၆ ရက်နေ့ ည ၉ နာရီနဲ့ ၁၀ နာရီကြားမှာ မုန်တိုင်းပြင်းထန်စွာတိုက်လို့ ဘေးက အိမ်တချို့လည်း ပြိုကျသွားပေမဲ့ ကျနော်တို့ကျောင်းက ထိခိုက်မှု အများဆုံးဖြစ်သွားတယ်။ မိုးကြိုးပစ် မုန်တိုင်းပြင်းထန်လို့ ကျောင်းဆောင်လည်း ပြိုကျသွားတယ်။ ပြီးတော့ ပတ္တမြားဆောင်က ဆောက်ထားတာ မကြာသေးပေမဲ့ ပြိုကျသွားတယ်။”
မုဒုံ ၂ ကျေးရွာမှာ နေအိမ် ၄ လုံး ပြိုကျပျက်စီးသွားပြီး အဘွားတဦး ခေါင်းထိသွားပေမဲ့ အခြေနေကောင်းကြောင်း မုဒုံ ၂ ရွာခံတဦးက ပြောပါတယ်။
ပမ္မတီးရွာမှာလည်း နေအိမ် ၂ လုံးပြိုကျပြီး ခေါင်မိုးလန်တာတို့တော့ တွေ့ကြုံရတယ်လို့ ရွာခံတဦးက ပြောပါတယ်။
ပူတာအိုမှာ လေပြင်းမုန်တိုင်းကြောင့် လူအသေပျောက် မရှိပေမဲ့ နေအိမ်ဆုံးရှုံးမှုတွေ၊ သစ်ပင်တွေ ပြုကျတာ ဖြစ်ခဲ့ပြီး အစိုးရတာ၀န်ရှိတွေက လိုအပ်တဲ့ကူညီမှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဖေနောင်းအောင်(ပူတာအို)

