DVB Logo
Home
ကျန်းမာရေး
Remdesivir က COVID-19 ကို ကုသရာမှာ တကယ်ထိရောက်မှုရှိရဲ့လား
DVB
·
October 17, 2020
Remdesivir က COVID-19 ကို ကုသရာမှာ တကယ်ထိရောက်မှုရှိရဲ့လား
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို COVID-19 ရောဂါသက်သာအောင် ကုသပေးခဲ့တယ်ဆိုတဲ့ သတင်းစကားတွေရဲ့နောက်မှာ Remdesivir ဆိုတဲ့ဆေးဝါးဟာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ တမဟုတ်ချင်း နာမည်သတင်းမွှေးလာခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း မေးခွန်းတွေ ရှိနေတာက Remdesivir က COVID-19 ကို ကုသရာမှာ တကယ်ထိရောက်မှုရှိရဲ့လား ဆိုတာပါပဲ။

ဒေါ်နယ်ထရမ့်ကို ဒီဆေးဝါးနဲ့ကုသခဲ့တယ်လို့ဆိုထားပေမယ့် ထရမ့်ပ်ဟာ ဆေးဝါးကုသမှု ၄ ရက်သာ ခံခဲ့တာဖြစ်ပြီးတော့ ကမ္ဘာ့အင်အားကြီးတိုင်းပြည်တစ်ခုရဲ့ သမ္မတဖြစ်တာနဲ့အညီ ပြီးပြည်စုံတဲ့ ပံ့ပိုးမှုနည်းလမ်းတွေကို ခံယူခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် သူ့မှာ COVID-19 လက္ခဏာအနည်းငယ်သာပြသခဲ့တာမို့ ရောဂါပြင်းထန်မှုမရှိခဲ့တာက တွေးချင့်စရာအချက်တစ်ချက်ဖြစ်ပါတယ်။

Remdesivir ရုတ်တရက်နာမည်ကျော်လာပြီးတဲ့နောက်မှာ စမ်းသပ်ဆဲဆေးဝါးတစ်ခု ဖြစ်နေတာမို့ ဒီဆေးနဲ့ ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကလည်း လေ့လာချက်တွေ ပြုလုပ်ခဲ့ပါတယ်။

ရလဒ်တွေကို ထုတ်ပြန်ခဲ့ရာမှာတော့ Remdesivir ဆေးဝါးဟာ COVID-19 ရောဂါသည်တွေကို ကုစားရာမှာ ထိရောက်မှုနည်းပါးတဲ့ ဒါမှမဟုတ် လုံးဝမရှိတဲ့ ဆေးဝါးတစ်မျိုးသာဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ဆေးရုံတွေမှာပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတွေမှာ ဘာတိုးတက်မှုလက္ခဏာမှ ပြသခဲ့ခြင်းမရှိဘူးလို့ WHO က ဆိုခဲ့တာပါ။

Remdesivir ဟာ COVID-19 လူနာတွေရဲ့အသက်ကို ကယ်တင်နိုင်စွမ်း မရှိတာ ဒါမှမဟုတ် မရှိသလောက်နီးပါး နည်းပါးတာမျိုးအခြေအနေမှာသာရှိနေတယ်လို WHO ရဲ့ အစီရင်ခံစာကဆိုခဲ့တာပါ။

Remdesivir ဆိုတာ ဘာလဲ


Remdesivir ဆိုတာက အမေရိန်ကနိုင်ငံအခြေစိုက် ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ Gilead Sciences က ထုတ်လုပ်ထားတဲ့ ဆေးဝါးတစ်မျိုးဖြစ်ပြီးတော့ COVID-19 ရောဂါကုသရာမှာ အသုံးပြုဖို့စမ်းသပ်မှုပြုလုပ်နေတဲ့ ကုထုံးတစ်မျိုးလည်းဖြစ်ပါတယ်။ ကာကွယ်ဆေးမဟုတ်ပဲ ကုသဖို့ စမ်းသပ်နေတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။

အရင်က အီဘိုလာရောဂါကုသဖို့အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တဲ့ ဒီဆေးက ခု COVID-19 ကုသရေးမှာ အသုံးချလာကြတာပါ။ ဒီဆေးက အရင်တုန်းက အသက်ရှူလမ်းကြောင်းရောဂါတွေဖြစ်ကြတဲ့ ဆားစ်နဲ့ မားစ်ရောဂါတွေရဲ့ ဗိုင်းရပ်စ်ပွားနှုန်းကို တားဆီးနိုင်တယ်ဆိုတဲ့ သက်သေပြချက်တစ်ချို့ရှိခဲ့ဖူးတာကြောင့် ခုလို စမ်းသပ်လာကြတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ လူနာတွေကို စမ်းသပ်ကုသမှုတွေပြုလုပ်ရင်း စောင့်ကြည့်နေချိန်မှာ သမ္မတထရမ့်ပ်ကို ကုသခဲ့ပြီး ရောဂါပျောက်ကင်းတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာကာ တစ်ကမ္ဘာလုံးရဲ့ စောင့်ကြည့်ခံဆေးဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။

ဒီဆေးက အဖျားလည်း ကျပြီး COVID-19 ရဲ့ တခြားလက္ခဏာတွေကိုလည်း သက်သာစေသလို လူနာအတော်များများ တစ်ပတ်အတွင်း ဆေးရုံကနေ ဆင်းနိုင်စေတယ်လို့ ကုမ္ပဏီဘက်ကဆိုထားပေမယ့် စမ်းသပ်မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်နေရဆဲပါ။

ကုလသမဂ္ဂလက်အောက်ခံ ကျန်းမာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ WHO ကတော့ သူတို့ရဲ့ လေ့လာချက်တွေအရ Remdesivir ဆေးက ထိထိရောက်ရောက်ရောဂါပျောက်အောင် ကုနိုင်တယ်ဆိုတဲ့ သက်သေပြချက် ကြီးကြီးမားမားမတွေ့ရှိထားဘူးလို့ အခိုင်အမာဆိုခဲ့တာပါ။

WHO ဟာ Remdesivir ၊ Lopinavir ၊ Hydroxychloroquine နဲ့ Interferon-beta 1a စတဲ့ ဆေးဝါးတွေကို လူနာသေဆုံးနှုန်းကျဆင်းဖို့ မျှော်လင့်ချက်နဲ့ ပြီးခဲ့တဲ့ မတ်လကတည်းကနစတင်ပြီး စမ်းသပ်မှုတွေ ဆက်တိုက်ပြုလုပ်နေခဲ့ပေမယ့် သိသာထင်ရှားတဲ့တိုးတက်မှုမရှိတာကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သီးခြားလွတ်လပ်တဲ့လေ့လာချက်တွေအရဆိုရင်လည်း အဆိုပါဆေးဝါးဟာ လူသေနှုန်းလျော့ပါးစေနိုင်တယ်ဆိုတဲ့ သက်သေပြချက်တစ်စုံတစ်ရာမရှိထားဘူးလို့ လေ့လာချက်တွေက ဆိုထားပါတယ်။

Remdesivir နဲ့ အနာဂတ်


လက်ရှိမှာ Remdesivir က COVID-19 ရောဂါကို ကုသပေးနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တစ်ကမ္ဘာလုံးမှာ အပြိုင်အဆိုင် ဝယ်ယူမှုတွေ ပြုလုပ်နေကြပါတယ်။

EU ဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ အရေးပေါ်ကုသရေးမှာ အသုံးပြုဖို့ ဆေးအလုံးရေ ၅ သိန်း ဝယ်ယူဖို့ သဘောတူထားသလို ဗြိတိန်အစိုးရနဲ့ ဂျပန်အစိုးရတို့ကလည်း ဒီဆေးဝါးတွေကို ဝယ်ယူဖို့ စီစဉ်နေပါတယ်။

လက်ရှိမှာ ဒီဆေးကို နိုင်ငံတကာက စိတ်ဝင်စားလာနေရတဲ့အကြောင်းအရင်းတွေထဲမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ကုစားရာမှာအသုံးပြုတယ်ဆိုတဲ့အချက်အပြင် အမေရိကန်နိုင်ငံက COVID-19 ပြင်းထန်ဝေဒနာသည်တွေကို ကုသရာမှာ ဒီဆေးကို အသုံးချနေတာကလည်း အချက်တစ်ချက်အဖြစ် ပါဝင်လို့နေပါတယ်။ အမေရိကန်သိပ္ပံပညာရှင်တွေကတော့ ဒီဆေးဟာ စိတ်ချရတယ်လို့ဆိုထားပြီး ထိရောက်မှုရှိတယ်လို့လည်း အခိုင်အမာဆိုနေကြတာပါ။

ဒီဆေးဟာ တစ်စုံကို ဒေါ်လာ ၅၂၀၀ အထိကုန်ကျတဲ့ ဆေးဝါးဖြစ်တာကြောင့် ဆင်းရဲတဲ့နိုင်ငံငယ်လေးတွေကတော့ ဝယ်ယူဖို့ ချင့်ချိန်နေရဆဲဖြစ်ပါတယ်။ ဒါပေမယ့် Gilead Sciences ကတော့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေကို ဒေါ်လာ ၃၉၀ နဲ့ ရောင်းချမယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံဟာလည်း အဆိုပါဆေးဝါးတွေကို အိန္ဒိယနိုင်ငံကနေတဆင့် ဝယ်ယူနေသလို အိန္ဒိယအစိုးရက လှူတန်းတာတွေလည်းလုပ်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုထားတာရှိပါတယ်။

ဒီလိုအခြေအနေမှာ WHO ရဲ့ လေ့လာချက်ထွက်ပေါ်လာတာဟာ တစ်ကမ္ဘာလုံးက လူတွေနဲ့ အစိုးရတွေအတွက်တော့ တွေးချင့်ဖွယ်ဖြစ်လာခဲ့ပါတယ်။

WHO ရဲ့ လေ့လာချက်ဟာ ၆ လ အချိန်ယူခဲ့ပြီး ကမ္ဘာ့တစ်ဝှမ်း မတူညီတဲ့နေရာအသီးသီးက ဆေးရုံပေါင်း ၅၀၀ ကျော်မှာ စနစ်တကျပြုလုပ်ခဲ့တာမို့ ခိုင်မာမှုရှိတယ်လို့လည်းဆိုထားပါတယ်။

လက်ရှိအချိန်အထိ WHO ကတော့ ကုသဆေးပေါ်ထွက်ဖို့က အလှမ်းဝေးနေသေးပြီး ပိုမိုနီးစပ်နေပြီဖြစ်တဲ့ ကာကွယ်ဆေးထုတ်လုပ်ရေးကိုသာ အာရုံစိုက်ဖို့ ရည်မှန်းထားတယ်လို့ ဆိုထားပါတယ်။

ရေးသားသူ Ye Zon Aung

 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013