
ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်က Music zone KTV ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာတို့ကို စတင်တရားစွဲဆိုပြီး အင်းစိန်ထောင် ပို့ဆောင်လိုက်ပါတယ်။
Music zone KTV ဆိုင်ပိုင်ရှင် ဦးဇော်မင်းနဲ့ ဆိုင်မန်နေဂျာတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ တရားစွဲဆိုပြီးအောက်တိုဘာ ၁၆ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ပထမအကြိမ်ရုံးထုတ်ခဲ့ပါတယ်။
အဲဒီနောက် ရဲလုပ်ငန်းစဉ်ဆောင်ရွက်စရာရှိတဲ့ ရမန် ၁၄ ရက်ပြည့်လို့ရုံးချိန်း ပြန်လည် ချိန်းဆိုခဲ့ပြီး အင်းစိန်ထောင်ကို ပို့ဆောင်မှာဖြစ်တယ်လို့စွပ်စွဲခံရသူဘက်က လိုက်ပါဆောင်ရွက် ပေးနေတဲ့ ရှေ့နေကပြောပါတယ်။
နောက်ထပ် ရုံးချိန်းကို အောက်တိုဘာ ၂၇ ရက်နေ့ချိန်းဆိုခဲ့ပြီး အဲ့ဒီနေ့မှာ တရားရုံးက မှုခင်းစီမံခန့်ခွဲမှုလုပ်ကာ စတင်စစ်ဆေးမှာဖြစ်ပါတယ်။။
KTV နဲ့ဆက်နွှယ်ပြီး ပြည်တွင်းမှာ လူပေါင်း ၉၀ ကျော်လောက် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ခံခဲ့ရပြီးနောက် ဆိုင်တာဝန်ရှိသူ ၂ ဦးကို မြို့နယ်ကျန်းမာရေးဦးစီးမှူးက တရားလိုပြုလုပ် တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။
Music zone KTV ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာတို့ဟာ အောက်တိုဘာ ၃ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တာပါ။











