
မကွေးတိုင်းမှာ အောက်တိုဘာ ၁၅ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၉ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ တိုင်းပြည်သူ့ကျန်မာရေးဦးစီးဌာနက သိရပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (NHL) ရဲ့ စစ်ဆေးချက်အရ နတ်မောက်မြို့နယ်က ၂၅ ဦး၊ မကွေးမြို့နယ်က ၃ ဦး၊ ချောက်မြို့နယ်က ၇ ဦး၊ သရက်မြို့နယ်က ၂ ဦး၊ ကံမမြို့နယ်က ၁ ဦးနဲ့ ပွင့်ဖြူမြို့နယ်က ၁ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
အတည်ပြုလူနာတွေဟာ သက်ဆိုင်ရာ Quarantine စင်တာတွေမှာ အသွားအလာကန့်သတ်ထားသူတွေဖြစ်ပြီး သူတို့နဲ့ထိတွေ့ခဲ့တဲ့သူတွေကိုလည်း ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးမယ်လို့ ဆိုပါတယ်။
မကွေးတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာအရေအတွက် ပိုမိုများပြာလာတာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ မကြာခဏလက်ဆေးဖို့၊ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဆင်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို အထူးဂရုပြု လိုက်နာဖို့ ဒေါက်တာခင်မောင်သန်းက တိုက်တွန်းလိုက်ပါတယ်။
မကွေးတိုင်းမှာ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၅၉ ဦး ရှိလာပြီဖြစ်ကာ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၉၇ ဦးရှိတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
သတင်း-မင်းထီး










