
ရခိုင်ပြည်နယ် မောင်တော်မြို့နယ်မှာ အထူးရဲ ၃ ဦး အပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၂၄ ဦး ထပ်မံတွေရှိခဲ့ပြီး ရောဂါပျောက်ကင်းသူ ၂၄ ဦးကို ဆေးရုံက ဒီနေ့မနက် ဆင်းခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက "ဒီနေ့ ဆေးရုံက ဆင်းတာ ၂၄ ဦးရှိတယ်။ မနေ့ကည ၈ နာရီထုတ်ပြန်ချက်မှာ Positive လူနာ ၁၅ ဦးပါဝင်တယ်။ Rapid Antigen Diagnosis Test Kit နဲ့ ၆၆ ဦးကိုစစ်ရာမှာ ၉ ဦးအထိ ပိုးတွေ့ထားတယ်။ အဲဒီအထဲမှာ အထူးရဲ ၃ ဦးပါဝင်တယ်" လို့ ပြောပါတယ်။
မောင်တောမြို့နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲမှာ မဲရုံ လုံခြုံရေးတာဝန်ယူမယ့် အထူးရဲ ၁၃ ဦးအား အောက်တိုဘာလ ၁ ရက်နေ့ကစတင်ကာ သင်တန်းပေးနေပြီး Rapid Antigen Diagnostic Test Kit နဲ့ စစ်ဆေးရာမှ ၃ ဦး ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာလို့ သိရပါတယ်။
မောင်တောမြို့အတွက် Rapid Antigen Diagnostic Test Kit အခု ၃၀၀ ကျော်ရရှိထားပြီး ဆေးရုံတက်လူနာတွေ၊ Positive လူနာနဲ့ အတူနေထိုင်ကြတဲ့ မိသားစုဝင်တွေနဲ့ ကျန်မာရေးဝန်ထမ်းတွေကို ဦးစားပေးစစ်ဆေးပေးနေတယ်လို့ သိရပါတယ်။
ကိုဗစ်ဒုတိယလှိုင်းကာလ မောင်တောမြို့မှာ ကိုဗစ်အတည်ပြုလူနာ ၁၈၃ ဦးရှိပြီး အောက်တိုဘာ ၁၅ ရက်နေ့အထိ ရောဂါပျောက်ကင်းသူ ၁၁၄ ဦး ဆေးရုံဆင်းခွင့်ရရှိကာ ၆၉ ဦးကျန်ရှိနေသေးတယ်လို့ ကျန်မာရေးဌာနရဲ့ ကိန်းဂဏန်တွေအရ သိရပါတယ်။
သတင်း - လင်းလက်၊ ဓာတ်ပုံ-ဒေါက်တာနုကေသီစံ










