
ရခိုင်ပြည်၊ စစ်တွေမြို့နယ်မှာ စစ်ရေးရှေ့တိုးလာတဲ့အတွက် မြို့အနီးအနားရှိ ရဲတပ်ရင်း ၁၂၊ စစ်တွေ လေယာဉ်ကွင်းနဲ့နီးတဲ့ ရဲတပ်ရင်း ၃၆ က ကျေးရွာတွေကို ဖြိုဖျက်ပေးဖို့ စစ်ကောင်စီက အမိန့်ထုတ် ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရဲတပ်ရင်း ၁၂ နဲ့ ၃၆ မှာ ရဲအင်အားတွေ ဖြည့်တင်းပြီးနောက်မှာ အခုလို ရွာတွေကို ဧပြီလအတွင်း ဖြိုဖျက်ဖို့ အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦးက အမိန့်ထုတ်ထားတာလို့ စစ်တပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“အထက်က တိုင်းမှူးက တခါတည်း အမိန့်ပေးထားတာ။ စစ်တွေ တိုက်ပွဲမှာ စစ်တပ်က အကြီးတချို့ ဒီရက်ပိုင်းမှာ ကျသွားတော့ ပြီးတော့ တပ်ရင်းနားတွေက ရွာတွေရှိနေတော့ AA ခိုလှုံပြီး တိုက်မှာ ကြောက်တယ်ထင်တယ်။”
အခုလို ဖြိုဖျက်ဖို့ အမိန့်ပေးတာကတော့ အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ် မြို့တွင်းကို ရောက်လာမှာကို စစ်ကောင်စီဘက်က စိုးရိမ်တာကြောင့် မြို့ပြင်တခုလုံးကို ကွင်းပြင်အဖြစ် ဖြစ်သွားအောင် လုပ်တာလို့ စစ်တွေဒေသခံ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ရွာတွေရှိရင် AA က ခိုအောင်းပြီး နေနိုင်တယ်ဆိုပြီး အခုလို ရွာတွေကို ဖြိုဖို့ ဖိအားပေးနေတာ။ အရင် တိုက်ပွဲဖြစ်ခဲ့တုန်းကလည်း မြို့နဲ့အနီးစပ်ဆုံး ရခိုင်ရွာတွေကို ဖြိုခိုင်းတယ်၊ နှင်ထုတ်တယ်၊ ကျန်တဲ့ အိမ်တွေကို မီးရှို့တာမျိုး လုပ်တယ်။”
မြို့ပြင် သံတော်လီမွတ်စလင်ကျေးရွာကို လက်ရှိ အရင်ဆုံးဖြိုဖျက်ဖို့ အမိန့်ပေးထားပြီး ရွာသားတွေ ကို မြို့တွင်းမှာနေဖို့ နှင်ထုတ်နေတယ်လို့ မွတ်စလင်ဒေသခံတယောက်က ပြောပါတယ်။
“ရွာတွေကို ဖျက်ဖို့ ဖိအားပေးတယ်။ ပြီးတော့ ကျနော်တို့ကို အာရက္ခတပ်တော်ကို သတင်းပေး တယ်လို့ အကြောင်းပြပြီး မြို့ထဲမှာ သွားနေလို့ ပြောတယ်။”
သံတော်လိမ်မွတ်စလင်ရွာက ရွာသားတချို့ ဆွေမျိုးတွေရှိနေတဲ့ မြို့နားကျေးရွာတွေကို လက်ရှိ ရွှေ့ပြောင်းနေရပြီလို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်ကတည်းက စစ်တွေကို AA ဝင်တိုက်မယ်ဆိုတဲ့သတင်းကြောင့် မြို့နဲ့အနီးဆုံးဖြစ်တဲ့ ကျေးတောရွာမ၊ ရွှေပြည်သာ၊ ဗျိုင်းဖြူ စတဲ့ရွာတွေအပါအဝင် ရွှေမင်းဂံ ရေတပ်နဲ့နီးတဲ့ ကျေးရွာတွေ၊ စစ်တွေမြို့ပြင်အခြေစိုက် စစ်တပ်တပ်ရင်းတွေနဲ့ နီးစပ်တဲ့ ရေချမ်းပြင်၊ ပါဒလိတ်၊ ကျားမသောက်၊ အမြင့်ကျွန်းစတဲ့ ကျေးရွာပေါင်း ၂၀ ထက်မနည်းကိုလည်း အခုလို ရွာတွေကို ဖြိုဖျက်ခိုင်းပြီး နှင်ထုတ်ခဲ့ ပါတယ်။










