DVB Logo
Home
မြန်မာသတင်း
၂၀၂၀ အလွန် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အစီအစဉ်သစ် ကြေညာ
DVB
·
October 15, 2020
၂၀၂၀ အလွန် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အစီအစဉ်သစ် ကြေညာ
Donate to DVB

၂၀၂၀ အလွန် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အစီအစဉ်သစ် တစ်ရပ်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၅ ရက်မှာ ကြေညာလိုက်ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၅)နှစ်မြောက် အထိမ်းအမှတ် သဝဏ်လွှာမှာ ထည့်သွင်းကြေညာလိုက်တာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ချိတ်ဆက်ထားတဲ့ ၂၀၂၀ အလွန် ဆက်လက် ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၃) ရပ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော် ပြောကြားထားပါတယ်။ 

ပထမလုပ်ငန်းစဉ်ကတော့ အမျိုးသားရင်ကြားစေ့ရေးနဲ့  ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှစ်ရပ်ကို ဒွန်တွဲ ဖော်ဆောင်တဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး  NCA လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်တွေရရှိလာစေဖို့နဲ့  နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်ရှိလာ အောင် ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

တစ်ပြိုင်နက်တည်းမှာပဲ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေဖို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစောင့်ကြည့်ရေးလုပ်ငန်းစဉ်တွေ ပိုမိုထိရောက်ခိုင်မာစေဖို့ ဆွေးနွေးညှိနှိုင်းပြီး ပြုပြင်ပြောင်းလဲမှုတွေကို  အရှိန်အဟုန်နဲ့ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ 

ဒုတိယလုပ်ငန်းစဉ်ကတော့  ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ် နှစ်ရပ်ကို ပူးတွဲဖော်ဆောင်တဲ့ လုပ်ငန်းဖြစ်ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ရဲ့ အပိုင်း(၃)ဖြစ်တဲ့ ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူတွေထဲက ဆက်လက်ဆွေးနွေးဖို့ ကျန်ရှိတဲ့ အချက်တွေကို ဆက်လက်ဆွေးနွေးညှိနှိုင်းပြီး အားလုံးသဘောတူ လက်ခံတဲ့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အခြေခံဥပဒေ ဖော်ပြချက်ကို ရှာဖွေသွားမယ်လို့ ဆိုပါတယ်။

တတိယလုပ်ငန်းစဉ်ကတော့  ပထမလုပ်ငန်းစဉ်နဲ့ ဒုတိယလုပ်ငန်းစဉ်မှ ထွက်ပေါ်လာတဲ့ သဘောတူညီချက်တွေကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ 

လမ်းညွှန် အခြေခံမူတွေကို အခြေခံပြီး အဆင့်လိုက် လုပ်ငန်းစဉ်တွေကို ဆွေးနွေးညှိနှိုင်းကြရာမှာ အားလုံး သဘောတူလက်ခံတဲ့ နိုင်ငံရေးမူတစ်ရပ် ပေါ်ထွက်လာမှာ ဖြစ်တယ်၊ နိုင်ငံရေးအရ သဘောတူညီချက်ကို လုပ်ငန်းကော်မတီအဆင့်မှာ တတ်သိပညာရှင်တွေ ပါဝင်စေပြီး NCA ပါ လမ်းပြမြေပုံနဲ့ အညီ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေတွေကို ပြင်ဆင် ဖြည့်စွက်ဆောင်ရွက်သွားမယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနဲ့အတူ  ပြည်နယ် ကိုယ်ပိုင်အခြေခံ ဥပဒေရေးဆွဲ ခွင့်ကို ဘယ်လိုလမ်းကြောင်းနဲ့ ဆောင်ရွက်မယ်၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်ကို ဟန်ချက်ညီအောင် ဘယ်လို ဆောင်ရွက်မယ် စတာတွေကို စနစ်တကျ အစီအစဉ် ညှိနှိုင်းချမှတ် အကောင်အထည်ဖော်ဆောင်ရွက်မယ်လို့လည်း  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

အထက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၃) ရပ်ကို ထိရောက်စွာ ဟန်ချက်ညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ့်  “၂၀၂၀ အလွန် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာ အစီအစဉ်သစ်” ကိုလည်း အစုအဖွဲ့အသီးသီးရဲ့ ပြန်လည်သုံးသပ်ချက်၊ လုပ်ငန်းစဉ်တွေမှာ ပါဝင်သူတွေရဲ့ အကြံပြုချက်၊ လက်ရှိ ဖော်ဆောင်မှု အစီအစဉ်အပေါ် လေ့လာသုံးသပ်ချက်တွေကို အခြေခံပြီး ၂၀၂၀ အလွန်ကာလမှာ အရှိန်အဟုန်နဲ့ ဖော်ဆောင်နိုင်ဖို့ ဆက်လက်ကြိုးပမ်းမယ်လို့ ဆိုပါတယ်။ 

ဒီနေ့အချိန်အခါဟာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဘုံရည်မှန်းချက်ဟာ တိုင်းရင်းသားပြည်သူတွေအကြား ဝိဝါဒကွဲပြားစရာ မရှိတော့ဘဲ တူညီတဲ့ ပြည်ထောင်စုအိပ်မက်တစ်ခု ဖြစ်လာပြီလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ 

လက်ရှိ ရင်ဆိုင်ဖြေရှင်းနေရတဲ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေ အောင်မြင်ရေး၊ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဘေးကင်းလုံခြုံ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ၂၀၂၀ အလွန် ဒီ မိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အစီအစဉ်သစ်အောင်မြင်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းဖို့  သန္နိဌာန်ပြုတဲ့အကြောင်းလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ NCA လက်မှတ်ရေးထိုးခဲ့ကြတာ ဒီကနေ့မှာ  ၅ နှစ်ပြည့်မြောက်ပြီဖြစ်ပြီး  ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ အခြေအနေကြောင့် အရင်နှစ်တွေကလို အခမ်းအနား ကျင်းပနိုင်ခြင်းမရှိပါဘူး။

ဓာတ်ပုံ- State. Counsellor

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013