DVB Logo
Home
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ နှင့် အမျိုးသမီးကိုယ်စားလှယ်
DVB
·
October 14, 2020
၂၀၂၀ ရွေးကောက်ပွဲ နှင့် အမျိုးသမီးကိုယ်စားလှယ်
1 / 4
Donate to DVB

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း (၂၈၀) ဦး အပါအဝင် ပါတီပေါင်း (၉၂) ခုမှ ဝင်ရောက်ယှဥ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၆,၉၆၉) ဦးရှိသည်။

အမျိုးသား ကိုယ်စားလှယ်လောင်း (၅,၈၅၆)ဦးနှင့် အမျိုးသမီး ကိုယ်စားလှယ်လောင်း (၁,၁၁၃) ဦးတို့ ပါဝင်ကြသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခုနှစ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စုစုပေါင်း၏ ၅ ပုံ ၁ ပုံခန့်သည် အမျိုးသမီးများ ဖြစ်ကြပြီး ရာခိုင်နှုန်းအားဖြင့် (၁၆) ရာ ခိုင်နှုန်းရှိသည်။

ပြည်နယ်နှင့်တိုင်းအလိုက် ဝင်ရောက်ယှဥ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း အရေအတွက်သည် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဒုတိယအများဆုံးဖြစ်သည်။ သို့သော်လည်း အမျိုးသမီး ကိုယ်စားလှယ်လောင်း အရေအတွက်သည် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်တွင် ဒုတိယ အများဆုံး ဖြစ်သည်။

ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် စသည့် ပြည်နယ်များတွင် ဝင်ရောက်ယှဥ်ပြိုင်သည့် အမျိုးသမီး ကိုယ်စားလှယ်လောင်း နည်းပါးသည်။


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးတွင် မဲဆန္ဒနယ်ပေါင်း(၁,၁၇၁) နေရာရှိသည်။ ပြည်သူ့လွှတ်တော်အတွက် (၃၃၀) နေရာ၊ အမျိုးသားလွှတ်တော်အတွက် (၁၆၈) နေရာ၊ တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ် လွှတ်တော်အတွက် (၆၄၄) နေရာနှင့် တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ် လွှတ်တော် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နေရာအတွက် (၂၉) နေရာတို့ ဟူ၍ရှိသည်။

မဲဆန္ဒနယ် အများဆုံး ဝင်ရောက်ယှဥ်ပြိုင်ကြသည့် ပါတီ (၁၀) ခု အနက် လက်ရှိအာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် မဲဆန္ဒနယ်ပေါင်း (၁,၁၄၃) ခုတွင် ဝင်ရောက်ယှဥ်ပြိုင်မည် ဖြစ်ပြီး မဲဆန္ဒနယ်အများဆုံး ဝင်ရောက်ယှဥ်ပြိုင်သည့် ပါတီဖြစ်သည်။ အမျိုးသမီး ကိုယ်စားလှယ်လောင်းဦးရေ ပါဝင်မှုသည်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတွင် အများဆုံးဖြစ်သည်။


ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ဦးရေသည် ၂၀၁၀ ရွေးကောက်ပွဲထက် ၂ ဆ မြင့်တက်ခဲ့သည်။ ကိုယ်စားလှယ်လောင်း ဦးရေ များလာသလို အမျိုးသမီး ကိုယ်စားလှယ်လောင်း ဦးရေသည်လည်း (၆) ဆကျော် တိုးလာခဲ့သည်။

အမျိုးသမီး ကိုယ်စားလှယ်လောင်းပါဝင်မှုသည် ၂၀၁၀တွင် (၁၂၇) ဦးရှိခဲ့ပြီး ၂၀၁၅တွင် (၈၀၀) ဦးရှိခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ၄ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့သည်။ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည့် အမျိုးသမီး ကိုယ်စားလှယ်လောင်း ဦးရေမှာ (၁,၁၁၃) ဦးရှိပြီး ပါဝင်မှု ရာခိုင်နှုန်း မှာလည်း ယခင် ရွေးကောက်ပွဲများထက် များကာ (၁၆) ရာခိုင်နှုန်းထိ ရှိသည်။

လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရမှု အခြေအနေကို ကြည့်ပါက ၂၀၁၅ ရွေးကောက်ပွဲမှ အမျိုးသမီးကိုယ်စားလှယ် ရွေးကောက်ခံရမှုသည် ၂၀၁၀ ထက် လျော့နည်းခဲ့သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသမီးရွေးကောက်ခံရမှုသည် (၃၅) ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် (၁၉) ရာခိုင်နှုန်းသာ ရှိခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲမှ အမျိုးသမီး ကိုယ်စားလှယ် ရွေးကောက်ခံရမှုကို ဆက်လက် စောင့်ကြည့်ရအုံးမည် ဖြစ်သည်။



ယခုသတင်းပါ ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သြဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည့် အချက်အလက်များပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013