DVB Logo
Home
နိုင်ငံရေး
တရုတ်နဲ့ အမေရိကန် စစ်ဖြစ်နိုင်သလား (ဆောင်းပါး)
DVB
·
October 13, 2020
တရုတ်နဲ့ အမေရိကန် စစ်ဖြစ်နိုင်သလား (ဆောင်းပါး)
Donate to DVB

ရှေ့ ငါးနှစ် နိုင်ငံတကာအခင်းအကျင်း ဘယ်လို ဖြစ်လာမလဲ။ နိုင်ငံတကာ ပညာရှင်တွေကို မေးမြန်းထားတဲ့ သဘောထားစာတမ်းတစ်စောင် အရင်လ (စက်တင်ဘာ)က ထွက်လာပါတယ်။ အရေးကြီးတဲ့ မေးခွန်းတစ်ခုကတော့ တရုတ်နဲ့ အမေရိကန် စစ်ဖြစ်နိုင်သလား ဆိုတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဥရောပတက္ကသိုလ်တွေက ပညာရှင်တွေရဲ့ အမြင်သဘောထားတွေကို မေးမြန်းပြီး စစ်တမ်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စစ်တမ်းကို ဦးဆောင်ခဲ့ကြတဲ့ နိုင်ငံတကာရေးရာ သုတေသနသီ ၅ ဦးက ဖောရိန်းပေါ်လစီမဂ္ဂဇင်းမှာ အကျဉ်းချုပ်ကို ပြန်ရေးပြထားပါတယ်။ အကောင်းထက် အဆိုးတွေ ပိုများတဲ့နှစ်တွေက စောင့်နေလိမ့်မယ်လို့ ဆိုရပါမယ်။ အများအားဖြင့် ပညာရှင်တွေ သဘောထားပေးတဲ့အခါမှာ လူပုဂ္ဂိုလ်တစ်ယောက် ရွေးကောက်ပွဲ နိုင်ခြင်း၊ မနိုင်ခြင်းအပေါ်မှာ မူတည်ပြီး သုံးသပ်တာက ရှားပါတယ်။

ဒီစစ်တမ်းထဲမှာတော့ အမေရိကန်ပြည်ထောင်စုမှာ ဒေါ်နယ်ထရမ့်ပဲ သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရမလား၊ ရွေးချယ်မခံရဘူးလား ဆိုတဲ့အပေါ်မှာ အများကြီး မူတည်နေတာတွေ့ရပါတယ်။ အနာဂတ်ကို ကြိုဟောတဲ့နေရာမှာ ပညာရှင်တွေအကြား တချို့အပိုင်းတွေမှာ ကွဲလွဲပေမယ့် တရုတ်နဲ့ အမေရိကန်စစ်၊ ဂလိုဘယ်လိုက်ဇေးရှင်း၊ ဒီမိုကရေစီ၊ ဒုက္ခသည်တွေအရေး စတဲ့ နယ်ပယ်တွေမှာတော့ ပညာရှင်တွေအားလုံးက သဘောညီနေတာ တွေ့ရပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ နဂိုအခံစိတ်နဲ့ ရှေ့ ၅ နှစ်မှာ တရုတ်အင်အား ကြီးထွားလာမယ့် အလားအလာတို့ကြောင့် ရွေးကောက်ပွဲမှာ ထရမ့်ပဲ ပြန်အရွေးခံရရင် နှစ်နိုင်ငံ စစ်ဖြစ်မှာကို စိုးရိမ်တယ်လို့ ပညာရှင်တွေက ဖြေကြပါတယ်။

ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် ပြန်လည်အနိုင်ရမလားဆိုတဲ့ မေးခွန်းကိုတော့ ပညာရှင်တွေထဲက တဝက်လောက်က ဒီလို ဖြစ်နိုင်ခြေ ၂၀-၄၀ ရာခိုင်နှုန်းအထိပဲ ခန့်မှန်းပါတယ်။ ပညာရှင်တွေထဲက ၃၀ ရာခိုင်နှုန်းကတော့ ထရမ့် ပြန်အနိုင်ရနိုင်ခြေက ၄၀ ကနေ ၆၀ ရာခိုင်နှုန်း ရှိတယ်လို့ ခန့်မှန်းပါတယ်။ ပညာတွေထဲက ၁၀ ရာခိုင်နှုန်းကတော့ ထရမ့် ပြန်နိုင်ခြေ ၆၀ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုကြပါတယ်။

ရွေးကောက်ပွဲမှာ ထရမ့် ပြန်နိုင်ခြေရှိတယ်လို့ ခန့်မှန်းတဲ့ ပညာရှင်အုပ်စုက တရုတ်နဲ့ စစ်ဖြစ်နိုင်ခြေရှိတဲ့ဘက်ကို ပိုပြီးအလေးသာပါတယ်။ ရွေးကောက်ပွဲမှာ ထရမ့် ရှုံးနိုင်ခြေရှိတယ်လို့ ခန့်မှန်းတဲ့ ပညာရှင်တွေဘက်က စစ်ဖြစ်နိုင်ခြေနည်းတယ်လို့ ပိုယူဆတာ တွေ့ရပါတယ်။ 

အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေကြားမှာ စစ်ဖြစ်နိုင်ခြေနဲ့ပတ်သက်လို့ မေးမြန်းရာမှာလည်း သမ္မတထရမ့် ရွေးကောက်ပွဲမှာ နိုင်၊ မနိုင် ဆိုတဲ့အပေါ်မှာပဲ ဆင်တူတဲ့ အဖြေတွေပဲ ပေးကြပါတယ်။

ဒေါ်နယ်ထရမ့်သာ ရွေးကောက်ပွဲမှာ ပြန်လည်ရွေးချယ်ခံရရင် လက်ရှိ နိုင်ငံတကာ အခင်းအကျင်းမှာ ဖရိုဖရဲတွေ ဆက်ဖြစ်ပြီး မတည်မငြိမ်၊ ၀ရုန်းသုန်းကား အခြေအနေတွေကြောင့် နိုင်ငံတကာ ကုန်သွယ်ရေးမှာ ထိခိုက်နစ်နာစရာတွေ ရှိမယ်လို့ ဆိုကြပါတယ်။ အမေရိကန် ပြည်ထောင်စုကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကနေ ဆွဲထုတ်သွားနိုင်စရာ အလားအလာလည်း ရှိတယ်ဆိုပါတယ်။

ဒီမိုကရေစီနဲ့ ပတ်သက်လို့တော့ ရှေ့လာမယ့် ၅ နှစ်အတွင်း ဒီမိုကရေစီ ဖြစ်ထွန်းမှုဆက်လက် ကျဆင်းနေဦးမယ်လို့ ပညာရှင် အများစုက ယူဆပါတယ်။ V-Dem  ဆိုတဲ့ သုတေသန အဖွဲ့ရဲ့ လေ့လာချက်အရ ၂၀၁၉ ခုနှစ်မှာ ဒီမိုကရေစီ နိုင်ငံပေါင်း ၈၇ နိုင်ငံရှိပါတယ်။ နိုင်ငံရေးသိပ္ပံ ပညာရှင်တွေ ၅၀ ပါဝင်ပြီး ကမ္ဘာ့တိုက်ကြီး ၆ ခုမှာ နိုင်ငံအလိုက် ကျွမ်းကျင်သူ ပညာရှင်တွေ ၅၀၀၀ ကျော်နဲ့ လက်တွဲအလုပ်လုပ်နေတဲ့ V-Dem  အဖွဲ့ကလည်း ထူးခြားပါတယ်။ ဒီမိုကရေစီကို တိုင်းတာရာမှာ ရွေးကောက်ပွဲ၊ လစ်ဘရယ်ဝါဒ၊ ပြည်သူလူထု ပါဝင်မှု၊ ဆင်ခြင်တုံတရား၊ တန်းတူညီမျှမှု  ဆိုတဲ့ ပေတံ ၅ ခုအပေါ် အခြေခံပြီး တိုင်းတယ်လို့ အဖွဲ့ရဲ့ ဝက်ဆိုက်မှာ ရေးထားပါတယ်။

ခြုံပြောရရင် နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ ပညာရှင်တွေရဲ့ အလိုအရ ရှေ့ ၅ နှစ်အတွက် အားတက်စရာမရှိလှပါဘူး။ ပြည်သူ့အခွင့်အရေး၊ နိုင်ငံရေးလွတ်လပ်ခွင့်၊ ဒီမိုကရေစီ၊ နိုင်ငံတွေရဲ့ စွမ်းဆောင်ရည်အပေါ် မျှော်လင့်ချက် အားလျော့နေတာ တွေ့ရပါတယ်။ လစ်ဘရယ်လစ်ဇင်နဲ့ နိုင်ငံရေး တည်ငြိမ်မှုအပေါ်မှာ မျှော်လင့်ချက် အားနည်းနေတဲ့သဘော ဖြစ်ပါတယ်။

နေသွင်ညိဏ်း

ရည်ညွှန်း - Trump, COVID-19, and the Future of International Order BY HELEN V. MILNER, SUSAN PETERSON, RYAN POWERS, MICHAEL J. TIERNEY, ERIK VOETEN | OCTOBER 8, 2020

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013