
ရန်ကုန်တိုင်းမှာ ဩဂုတ် ၉ ရက်ကနေ ၁၃ ရက်အထိ ၅ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသနေရသူ လူနာ ၁၈၂ ယောက်ရှိလာပြီး သက်ကြီးလူနာ တယောက် သေဆုံးခဲ့တယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဩဂုတ် ၁၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ် ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ဝမ်းပျက်ဝမ်းလျှော လူနာ ၂၈ ယောက်၊ ၁၁ ရက်မှာ အယောက် ၇၀၊ ၁၂ ရက်မှာ လူနာသစ် ၈၄ ယောက် ဆေးရုံတက် ကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
အဲဒီထဲက ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိသူ ၅၄ ယောက်အထိ ရှိလာနေပြီး အသက် ၉၂ နှစ်အရွယ် သက်ကြီးလူနာတယောက် သေဆုံးခဲ့ကာ လက်ရှိမှာတော့ လူနာ ၈ ယောက်ပဲ ဆေးရုံက ဆင်းရသေးတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လက်ရှိမှတော့ စစ်အာဏာရှင်ရဲ့ ရန်ကုန်တိုင်း ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဦးဆောင်မှုနဲ့ ရောဂါဖြစ်ပွားတဲ့ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းနဲ့ ကျောက်တံတားမြို့နယ်တွေမှာ စည်/ပင်၊ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အစားအသောက်နဲ့ ရေတွေကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ကေခိုင်











