
မြန်မာနိုင်ငံအလယ်ပိုင်းမှာ အင်အားပြင်း စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာ ၁ နှစ် ပြည့်ခဲ့ပြီဖြစ်ပေမဲ့ အရှိန်မြင့်လာတဲ့ စစ်ရေးပဋိပက္ခတွေကြား ငလျင်ဘေးဒဏ်သင့် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရင်း ဒေသခံတွေဟာ အခက်အခဲပေါင်းစုံကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
ငလျင် ၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ‘မယိုင်မလဲ-မြန်မာနိုင်ငံအလယ်ပိုင်းမှ ၁ နှစ်တာ ကြံ့ကြံ့ခံ မှတ်တမ်းများ’ ဆိုတဲ့ ဓာတ်ပုံပြပွဲနဲ့ ရန်ပုံငွေရှာဖွေပွဲကို မန္တလေးတိုင်းဒေသ အရေးပေါ် အခြေအနေ ကာကွယ်ရေးနဲ့ စီမံခန့်ခွဲမှုအဖွဲ့ (EMC-MDY) က ကြီးမှူးပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ Lan Din Cafe မှာ မတ် ၂၈ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီပွဲဟာ ငလျင်ကြောင့် သေဆုံးခဲ့ရသူတွေကို အောက်မေ့သတိရဖို့နဲ့ လက်ရှိ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းမှာရှိတဲ့ စစ်ဘေးရှောင်တွေအတွက် လိုအပ်နေတဲ့ ရန်ပုံငွေတွေကို ရှာဖွေပေးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းမှာ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတာတွေကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေရချိန်မှာပဲ နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ ရပ်တန့်နေရတယ်လို့ မန္တလေးတိုင်းဒေသ အရေးပေါ်အခြေအနေ ကာကွယ်ရေးနဲ့ စီမံခန့်ခွဲမှုအဖွဲ့က DVB ကို ပြောပါတယ်။
အဖွဲ့ရဲ့ အမှုဆောင်အဖွဲ့ဝင်တယောက်ဖြစ်တဲ့ မေနှင်းက “ငလျင်က တနှစ်ပြည့်သွားပြီ။ ဒါပေမဲ့ အိမ်တွေက လုံးဝပြိုကျပျက်စီးသွားရတယ်။ သေဆုံးသွားတဲ့သူတွေ ရှိတယ်။ အဲဒီတော့ အိမ်တွေ လုံးဝ ပြိုကျပျက်စီးသွားတဲ့သူတွေက တကယ်တမ်းတော့ ထိရောက်တဲ့အကူအညီ မရဘူး။ ဒါဆိုရင် သူတို့ဘာသာသူတို့ စီးပွားပြန်ရှာပြီး သူတို့ပိုက်ဆံနဲ့သူတို့ မူလတုန်းက အခြေအနေကို ပြန်ရအောင် ကြိုးစားနိုင်လား ဆိုတော့လည်း မလုပ်နိုင်ဘူး။ မြန်မာပြည်ရဲ့ အခြေအနေ၊ ပြီးတော့ အစိုးရလို့ သူတို့ဘာသာသူတို့ နာမည်တပ်ထားတဲ့ အကြမ်းဖက်စစ်တပ်ကလည်း ဘာကိုမှ အကူအညီ ထိထိရောက်ရောက် မပေးနိုင်ဘူး” လို့ ပြောပါတယ်။
အကူအညီတွေ ထိထိရောက်ရောက် မရတဲ့အတွက် ဒေသခံပြည်သူတွေဟာ ပြန်လည်ထူထောင်ရေးကို မိမိဘာသာ လုပ်ဆောင်နေကြရပြီး သူတို့ကို ရေရှည်အနေနဲ့ ဘယ်လို ကူညီသင့်လဲ ဆိုတာတွေနဲ့ လူသားချင်းစာနာမှု အကူအညီတွေကို စစ်လက်နက်တခုလို အသုံးချမခံရဖို့ နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့လိုတယ်လို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။
ဒီပြပွဲမှာ မြန်မာနိုင်ငံအလယ်ပိုင်းရဲ့ ပျက်စီးဆုံးရှုံးမှုတွေ၊ စစ်ဘေးရှောင်တွေရဲ့ နေ့စဉ်ဘဝနဲ့ ပဋိပက္ခတွေကြားက ဒေသခံတွေရဲ့ ကြံ့ကြံ့ခံနိုင်ရည်တွေကို ဖော်ပြထားပါတယ်။
မှတ်တမ်းဓာတ်ပုံတွေကို EMC Mandalay မြေပြင်အဖွဲ့တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဓာတ်ပုံဆရာတွေက မြေပြင်အခက်အခဲပေါင်းစုံကြားကနေ ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။
ဒီပွဲကနေ ရရှိလာတဲ့ ရန်ပုံငွေအားလုံးကို စစ်ဘေးရှောင်တွေနဲ့ ငလျင်ဘေးသင့်သူတွေအတွက် အချိုးကျ ခွဲဝေလှူဒါန်းသွားမှာဖြစ်ပြီး၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ CDM လုပ်ထားလို့ တရားဝင် အကူအညီပေးရေး လမ်းကြောင်းတွေကနေ ချန်လှပ်ခံထားရသူတွေကို ဦးစားပေး ထောက်ပံ့သွားမယ်လို့လည်း သိရပါတယ်။











