
ရန်ကုန်မှာ စက်ရုံတွေ ပိတ်ထားတာကြောင့် စားဝတ်နေရေး အခက်အခဲကြုံနေတဲ့ မအူပင်မြို့က အလုပ်သမားတွေ နေရပ်ပြန်လာနိုင်ဖို့ လူမှူကူညီရေးအသင်းတွေ ပူးပေါင်းပြီး အခမဲ့ ကူညီပေးနေတယ်လို့ သိရပါတယ်။
အခုအစီအစဉ်ကို မအူပင်မြို့က ကရုဏာလူမှုရေးအသင်း၊ ပျိုးခင်းသစ်ဖောင်ဒေးရှင်းတို့က We Generation Network နဲ့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။
မအူပင် အလုပ်သမားတွေ ရန်ကုန်မှာ Stay home အခြေအနေကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး အကျပ်အတည်း ကြုံနေရတာကြောင့် အောက်တိုဘာ ၉ ရက်မှာ လူမှုကွန်ရက်ကနေ ကြေညာပြီး အခုလို ကူညီပေးနေတာလို့ ကရုဏာလူမှုရေးအသင်းက အတွင်းရေးမှူး ကိုမျိုးဝင်းအောင်က ပြောပါတယ်။
“ပြည်သူ့ကျန်းမာရေးက တရားဝင်ခွင့်ပြုထားတာတော့ မဟုတ်ပေမဲ့ လူမှုရေးအသင်းတွေအနေနဲ့ လုပ်နိုင်သလောက် လုပ်ကြတာပါ။ ကြေညာပြီး နောက်ရက်ဖြစ်တဲ့ အောက်တိုဘာ ၁၀ ရက်နေ့မှာပဲ လူ ၇၀ ကျော် ပြန်ခေါ်လာနိုင်ပြီး ကွာရန်တင်းထားနေပါပြီ။”
အကြောင်းကြားလာတဲ့ လူဦးရေပေါ် မူတည်ပြီး စုရပ်သတ်မှတ်ကာ ကားတွေနဲ့ အခမဲ့ ခေါ်ယူသွားမှာပါ။ မအူပင်ကို ရောက်တဲ့အခါ Facility Quarantine အခမဲ့ထားရှိပြီး ရက်ပြည့်ပါက နေရပ်ရောက်တဲ့အထိ အားလုံး အခမဲ့ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
ပြန်လာချင်သူတွေအနေနဲ့ ဖုန်း 09 790207723 နဲ့ 09 955557699 တို့ကို ဆက်သွယ် အကူအညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။
နွေလှိုင်း(YU)










