DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်ရောက် ရွှေ့ပြောင်းလုပ်သား ၂၀၀ ခန့် ကြိုတင်မဲပေး
DVB
·
October 10, 2020
ချင်းမိုင်ရောက် ရွှေ့ပြောင်းလုပ်သား ၂၀၀ ခန့် ကြိုတင်မဲပေး
1 / 6
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ၉ ခရိုင်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲတွေကို ဒီကနေ့မနက် ၈ နာရီကစပြီး ချင်းမိုင်မြန်မာကောင်စစ်ဝန်ရုံးမှာ သွားရောက်မဲပေးခဲ့ကြပါတယ်။ 

ချင်းမိုင်ကောင်စစ်ဝန်ရုံးက မဲရုံကို အောက်တိုဘာ ၁၀၊  ၁၁ နဲ့ ၁၃ ရက်နေ့တွေမှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး  သက်ဆိုင်ရာမြို့နယ်မဲဆန္ဒနယ်မြေအလိုက် သတ်မှတ်ပေးထားထားပါတယ်။

ဒီကနေ့ မနက်ပိုင်း ၈ နာရီကနေ မွန်းတည့် ၁၂ နာရီထိ ရှမ်းပြည်နယ် မိုင်းကိုင် နဲ့ လားရှိုးက မဲဆန္ဒရှင်တွေ မဲပေးရတာဖြစ်ပြီး မွန်းလွဲ ၁၂ နာရီခွဲကနေ ညနေ ၅ နာရီထိကတော့ မိုင်းရှူ၊ နမ့်စန် နဲ့ ကျေးသီးမြို့နယ်က မဲပေးရတာဖြစ်ပါတယ်။

ဒီကနေ့ မဲပေးရမယ့်သူ ၃၅၇  ဦးထဲက မဲဆန္ဒရှင် ၁၈၄ ဦး ကြိုတင်ဆန္ဒမဲပေးခဲ့ကြတယ်လို့ ချင်းမိုင်ကောင်စစ်ဝန်ရုံးက ထုတ်ပြန်ကြေညာပါတယ်။

ဒါဟာ တစ်ဝက်ကျော်သာ လာရောက်မဲထည့်တာဖြစ်ပြီး အလုပ်သမားအများစုက အက်တာ နက်လူမှုကွန်ရက် အသုံးပြုမှုအားနည်းတာကြောင့် မလာနိုင်ကြတာလို့ မဲရုံထောက်ကူပြု အဖွဲ့ဝင်တဦးဖြစ်တဲ့ စိုင်းဟတ်ခေးက ဒီဗွီဘီကိုပြောပါတယ်။ 

“ဘာဖြစ်လို့လဲဆိုတော့ အလုပ်သမား အများစုက လူမှုကွန်ရက်အင်တာနက် အသုံးပြုတာအားနည်းပြီး မဲပေးခွင့်ရှိသူစာရင်းမှာ ကိုယ့်နာမည်ပါ မပါမသိကြဘူး။ ချင်းမိုင်က ရွှေ့ပြောင်းလုပ်သားအများစုဟာ ရှမ်းပြည်ကျေးလက်တောရွာကနေ လာကြတာ။ ကောင်စစ်ဝန်ရုံးက ကြိုတင်ကြေညာပေးတဲ့ မဲပေးခွင့်ရှိသူစာရင်းကို မကြည့်တတ်ကြဘူး။ တချို့က ကနေ့မဲထည့်ရမှာကို ကနေ့မှ ဖုန်းဆက်မေးလာတယ်။ သတင်းမီဒီယာသုံးတာ အားနည်းတယ်။ ကနေ့လာထည့်သူအများစုက ကျနော်တို့ ရှမ်းဘာသာရေဒီယို နားထောင်တဲ့သူတွေ၊ ဝပ်ပါပေါက်ဘုန်းကြီးကျောင်းမှာ ကပ်ထား ပေးတဲ့ ကြော်ငြာတွေကြည့်ပြီး လာထည့်တဲ့ သူတွေပေါ့။ အဲဒီထဲမှာ ၈၀ ရာခိုင်နှုန်းကို လည်းမြန်မာဘာသာပြန်‌ပေးခဲ့ရတယ်။  တချို့လည်း အလုပ်ရှင်က နားမလည်ပေးဘူး၊ နားရက်မပေးဘူးလို့ ပြောတယ်ခင်ဗျ။ တချို့ကျတော့ တခြားခရိုင်ကနေ ချက်ချင်းခရီးထွက်လာရမှာ မလွယ်ဘူး။”

မဲဆန္ဒရှင်တစ်ဦးဖြစ်တဲ့ မိုင်းရှုးသား စိုင်းကောင်းကတော့ သူ့အလုပ်ရှင် ခွင့်မပြုပေမယ့် နေ့တွက်လုပ်အားခ အရှုံးခံပြီးလာထည့်ကြောင်း သူ့ဘဝမှာ ပထမဆုံးမဲထည့်ရတဲ့အတွက် ကျေနပ်အားရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ 

“မဲထည့်ရဖို့ ကျနော်မျှော်လင့်နေတာပါခင်ဗျ၊ သူဌေးကတော့ မပေးလာချင်ဘူး။ ရှုတ်ရှုတ်ရှက်ရှက် ကိုယ့်ဖာကိုယ်အလုပ်ကြိုးစားလုပ်လို့ပြောတယ်။ ကျနော်ကတော့ အမျိုးသားရေးတာဝန်လို့ယူဆတယ်။ ကိုယ်က သူများနိုင်ငံမှာ အလုပ်လာလုပ်ပေမယ့် ကိုယ့်ရပ်ရွာအကျိုး တဘက်ကနေ ကူပေးရတယ်လို့ယူဆတယ်။ ဒီနေ့လုပ်အားခမရဘူး၊ ဒါပေမယ့် ကျေနပ်တယ်ဗျာ။”

ဒီကနေ့ မဲလာထည့်သူစာရင်း အတိအကျရဖို့အတွက် ဒီဗွီဘီက ချင်းမိုင်ကောင်စစ်ဝန်ရုံးကို ဆက်သွယ်မေးမြန်းရာမှာ မကြာခင်  ကောင်စစ်ဝန်ရုံးလူမှုကွန်ရက်မှာ ထုတ်ပြန်ကြေညာပေးမယ်လို့ တာဝန်ရှိသူတဦးက ဖြေကြားသွားပါတယ်။ 

ချင်းမိုင်ကောင်စစ်ဝန်ရုံးမှာ မဲလာထည့်ရမယ့်သူတွေအနက် ၈၀ ရာခိုင်နှုန်းဟာ ရှမ်းပြည်က တိုင်းရင်းသားရွှေ့ပြောင်းလုပ်သားတွေမို့ ဘာသာစကားအဆင်ပြေရေးအတွက် ချင်းမိုင်ရှမ်းလူမှု အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ ချင်းမိုင်မြန်မာကောင်စစ်ဝန်ချုပ် ဦးသိန်းတင်က ဒီဗွီဘီကို ပြောပါတယ်။  

“ဘာသာစကားအခက်အခဲတော့ ရှိပါတယ်။ အများဆုံးကတော့ ဒီမှာမဲလာထည့်တာ  ရှမ်းတိုင်းရင်းသားပေါ့နော်။ မဲပေးခွင့်ရှိသူ တစ်ထောင်ကျော်မှာ ရှမ်းတိုင်းရင်းသားက ၈၀၀ လော က်ရှိတယ်။ ဒီမှာကလည်း ကျနော်တို့ အသိုင်းအဝိုင်းရှိတယ်၊ သူတို့ကိုခေါ်တယ်။ ဒီမှာစည်း ကမ်းတကျ အဆင်ပြေပြေမဲပေးလို့ရအောင်၊ သူတို့ကိုလည်းနားလည်အောင် ရှမ်းအဖွဲ့ စေတနာ့ ဝန်ထမ်းတွေ ကျနော်တို့ခေါ်ထားပါတယ်ခင်ဗျ။”

ဒီအချိန်ဟာ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကို အထူးသတိထားရမယ့်အချိန်ဖြစ်လို့ မဲရုံစောင့်ဝန်ထမ်းတွေ ထောက်ကူပြုအဖွဲ့တွေအားလုံး ကျန်းမာရေးလုံခြုံမှုဝတ်စုံ PPE ကို ဝတ်ဆင်ရပြီး မဲလာထည့်သူတွေလည်း နှာခေါင်းစွပ်တပ်မှ ဝင်ခွင့်ပြုကာ မဲရုံအဝင်ဝမှာ လက်သန့်စင်တာ၊ တစ်ခါသုံးလက်အိပ်စွပ်တာတွေ လုပ်ရပါတယ်။ ဒါ့အပြင် ရွှေ့လျားအိမ်သာကားစီစဉ်ထားပြီး၊ ကျန်းမာရေးဌာန ဝန်ထမ်း နဲ့ အရေးပေါ်လူနာတင်ကားတွေပါ အသင့်စောင့်လျက်ရှိပါတယ်။ 

ချင်းမိုင်ကောင်စစ်ဝန်ရုံးမှာ ကြိုတင်မဲထည့်ခွင့်ရဖို့ ပုံစံ ၁၅ လျှောက်လွှာတင်ထားသူပေါင်း ၁၀၅၄ ဦးရှိပြီး မဲပေးခွင့်အမည်စာရင်းကျလာသူ အယောက် ၁၀၂၀ ရှိတယ်လို့ ကောင်စစ်ဝန်ရုံးက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013