
အီရန်စစ်ပွဲ ဆက်တိုက်ဖို့ ဆော်ဒီအာရေဗျ အိမ်ရှေ့စံ မိုဟာမက်ဘင်ဆယ်လ်မန်က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို တိုက်တွန်းခဲ့တယ်လို့ နယူးယောက်တိုင်းမ်သတင်းစာက ဖွင့်ချ လိုက်ပါတယ်။
ဒီသတင်းမှန်ကန်တယ်ဆိုတာကို ဆော်ဒီထောက်လှမ်းရေး သတင်းရင်းမြစ်တယောက်ကို ကိုးကားပြီး ဗြိတိန်အခြေစိုက် ဂါးဒီးယန်းသတင်းစာကလည်း အတည်ပြုပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ဆင်ရေးဟာ အရှေ့အလယ်ပိုင်းဒေသကို ပုံစံသစ်ဖန်တီးဖို့ သမိုင်းဝင် အခွင့်အရေးတရပ် ဖြစ်တယ်လို့ အိမ်ရှေ့မင်းသားက ရှုမြင်ထားတာပါ။
အီရန်အစိုးရကို ဖယ်ရှားပစ်မှသာ ပင်လယ်ကွေ့ဒေသအတွက် ရေရှည်ခြိမ်းခြောက်မှုကို ပပျောက် စေမယ်လို့ ထရမ့်ပ်ကို တိုက်တွန်းခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ထရမ့်ပ်နဲ့ ဆွေးနွေးမှုတွေမှာ အိမ်ရှေ့စံက မြေပြင်စစ်ဆင်ရေးတွေ လုပ်ဖို့ပါ တိုက်တွန်း ခဲ့တယ်လို့ အမေရိကန် သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဆော်ဒီအစိုးရကတော့ စစ်ပွဲရှည်ကြာအောင် လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆန် ထားပါတယ်။
ဒါပေမဲ့ တဝက်တပျက်နဲ့ ရပ်တန့်လိုက်မဲ့ စစ်ဆင်ရေးဟာ ဒဏ်ရာရနေတဲ့ ခြင်္သေ့တကောင်လို ပိုပြီး အန္တရာယ်ကြီးတယ်လို့ ဆော်ဒီတာဝန်ရှိသူတွေက ယူဆထားကြတာပါ။
အီရန်ရဲ့ လက်တုံ့ပြန်မှုတွေကြောင့် ဆော်ဒီရေနံချက်စက်ရုံတွေ တိုက်ခိုက်ခံရပြီး ကမ္ဘာ့ရေနံ ဈေးကွက်မှာလည်း ကြီးမားတဲ့ ဂယက်ရိုက်ခတ်မှုတွေ ဖြစ်ပေါ်နေပါတယ်။
လတ်တလောမှာ ဆော်ဒီဘက်က စစ်ရေးအရ တိုက်ရိုက်ပါဝင်လာတာ မရှိသေးပေမဲ့ အီရန်က သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားလာရင်တော့ ပါဝင်လာနိုင်ခြေ ရှိနေပါတယ်။
ထရမ့်ပ်ကတော့ အိမ်ရှေ့စံဟာ သူတို့နဲ့အတူ တိုက်ပွဲဝင်နေတဲ့ စစ်သည်တော်တယောက် ဖြစ်တယ်လို့ သတင်းထောက်တွေကို ဖြေကြားထားပါတယ်။
Source: Reuters










