DVB Logo
Home
နိုင်ငံတကာ
ဆော်ဒီလေဆိပ် အပါအဝင် ပစ်မှတ်များကို ဟူသီအဖွဲ့ တိုက်ခိုက်မှုကြောင့် လူ ၂ ဦး သေဆုံး
DVB
·
October 23, 2026
Photo: HOUTHI MEDIA CENTER
Photo: HOUTHI MEDIA CENTER
Donate to DVB

အီရန် မဟာမိတ်ဖြစ်တဲ့ ယီမင်နိုင်ငံက ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ဘူမြို့မှာရှိတဲ့ ဆော်ဒီအာရမ်ကို စက်ရုံတွေနဲ့ ဒမ်မမ်မြို့က ကင်းဖာဟဒ် နိုင်ငံတကာလေဆိပ်တို့ကို တိုက်ခိုက်ခဲ့တယ်လို့ အောက်တိုဘာ ၂၂ ရက်မှာ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် လူ ၂ ယောက် သေဆုံးခဲ့ရတယ်လို့ ဆော်ဒီအာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ ရီယာ့ဒ်နဲ့ ရန်ဘူမြို့တွေမှာ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ ဆော်ဒီဘက်က ချက်ချင်း ထုတ်ပြန်အတည်ပြုတာ မရှိသေးပါဘူး။

ဟူသီ စစ်ရေးပြောခွင့်ရအမျိုးသား ယာယျာ ဆာရီးက လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း ပဲ့ထိန်းဒုံးကျည်တွေနဲ့ ဒရုန်းအများအပြားကို အသုံးပြုပြီး ထူးခြားတဲ့ စစ်ဆင်ရေး ၄ ခုကို ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

ပထမ စစ်ဆင်ရေးမှာ ဆော်ဒီမြို့တော် ရီယာ့ဒ်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံကို တိုက်ရိုက်ထိမှန်အောင် ပစ်မှတ်ထား တိုက်ခိုက်နိုင်ခဲ့တာဖြစ်ကြောင်း၊ ဒုတိယ စစ်ဆင်ရေးမှာတော့ ဒမ်မမ်မြို့က ကင်းဖာဟဒ် နိုင်ငံတကာလေဆိပ်ကို တိုက်ခိုက်ခဲ့တာကြောင့် လေဆိပ်ရဲ့ လေကြောင်းသွားလာမှုတွေ အဟန့်အတား ဖြစ်ခဲ့ရကြောင်း သူက ပြောပါတယ်။

ဒါ့အပြင် တတိယ စစ်ဆင်ရေးမှာ ရန်ဘူမြို့က အာရမ်ကို ကုမ္ပဏီကို တိုက်ရိုက် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် ပစ်မှတ်နေရာမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး စတုတ္ထ စစ်ဆင်ရေးမှာတော့ အဗ်ဟာ နိုင်ငံတကာလေဆိပ်ကို တိုက်ရိုက်ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယာယျာ ဆာရီးက ဆိုပါတယ်။

တချိန်တည်းမှာပဲ ဟူသီ စစ်ရေးပြောခွင့်ရ  ယာယျာ ဆာရီးက ဆော်ဒီဘက်က ယမန်မျိုးနွယ်စုတွေကို ပစ်မှတ်ထားဖို့ ခြိမ်းခြောက်နေတာကို အရေးမယူဘဲ လွှတ်ထားမှာ မဟုတ်ကြောင်းနဲ့ တကယ်လို့ ဒီခြိမ်းခြောက်မှုကို ဆက်လုပ်လာရင် မတွေးဝံ့စရာ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

သူတို့အနေနဲ့ မလုပ်ဆောင်ချင်ခဲ့တဲ့ အဓိက တုံ့ပြန်မှု ရွေးချယ်စရာတွေကို လုပ်ဆောင်သွားမှာဖြစ်ပြီး ဖြစ်ပေါ်လာသမျှ အကျိုးဆက်အားလုံးအတွက် ဆော်ဒီဘက်မှာပဲ တာဝန်ရှိမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013