
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီရက်ပိုင်းအတွင်း မိုးသည်းသည်းထန်ထန် ရွာခဲ့တာကြောင့် ရေကြီးရေလျှံနေတုန်းဖြစ်ပြီး စက်တင်ဘာ ၂၈ ရက် ဒီမနက်ပိုင်းမှာ ဘန်ကပီလမ်းဆုံအပါအဝင် နေရာတချို့မှာ ရေတက်နေဆဲ ဖြစ်ပါတယ်။
ဒီနေ့ မနက် ၆ နာရီလောက်မှာ ရမ်းခမ်ဟဲင်၊ လပ်ဖရောဝ်၊ ဘန်ကပီလမ်းဆုံနဲ့ နဝမင်းလမ်းဘက်မှာ ရေတက်နေသေးတာကြောင့် ကားငယ်တွေနဲ့ဖြတ်သန်းသွားလာဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။
ဘန်ကပီမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတယောက်က “ဘန်ကပီနေရာ တော်တော်များများမှာ ဘယ်မှသွားလို့ မရဘူး။ ရေတက်နေတဲ့ နေရာတွေ ကြုံရတယ်။ ကားငယ်နဲ့ဆို ရေဝင်မှာ စိုးရိမ်ရလို့ တချို့လမ်းတွေကိုရှောင်ပြီး သွားရတယ်။ မိုးထပ်ရွာရင် ရေပြန်တက်လာမလား ဆိုတာလည်း စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
ဗီဖာဝဒီရမ်ဆစ်လမ်းပိုင်းမှာ ရေပြန်ကျလာပြီး သွားလာရခက်ခဲ့တဲ့ နေရာတချို့မှာ ယာဉ်တွေ ပြန်ပြီး သွားလာနိုင်လာတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ရေမကျသေးတဲ့ လမ်းပိုင်းတွေမှာတော့ ယာဉ်ကြောပိတ်ဆို့တာတွေ ဆက်ဖြစ်နိုင်ပါတယ်။
ထိုင်းမိုးလေဝသဌာနရဲ့ ဒီနေ့ခန့်မှန်းချက်အရ ဘန်ကောက်နဲ့အနီးဝန်းကျင်မှာ မိုးကြိုးမုန်တိုင်း ဖြစ်နိုင်ခြေ ၇၀ ရာခိုင်နှုန်းရှိပြီး တချို့နေရာတွေမှာ မိုးသည်းသည်းထန်ထန် ရွာနိုင်တယ်လို့ သိရပါတယ်။
အပူချိန်ကတော့ အနိမ့်ဆုံး ၂၃ ကနေ ၂၄ ဒီဂရီစင်တီဂရိတ်နဲ့ အမြင့်ဆုံး ၂၉ ကနေ ၃၁ ဒီဂရီစင်တီဂရိတ်အတွင်း ရှိနိုင်ပါတယ်။
ရေကြီးရေလျှံမှုကြောင့် ဘန်ကောက် အပါအဝင် အနီးဝန်းကျင်ပြည်နယ် ၄ ခုမှာ စက်တင်ဘာ ၂၈ ရက်နဲ့ ၂၉ ရက်ကို အထူးရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။
မိုးဆက်ပြီး ရွာနိုင်တဲ့အခြေအနေ ရှိတာကြောင့် ဘန်ကောက်မှာ နေထိုင်အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ရေကြီးနေတဲ့ လမ်းတွေကိုရှောင်ပြီး အလုပ်သွားအလုပ်ပြန် မထွက်ခင် လမ်းအခြေအနေကို ကြိုတင်ကြည့်ရှုပြီး သတိထားသွားလာကြဖို့ လိုအပ်ပါတယ်။










