
ရှမ်းပြည်နယ်တောင်ပိုင်းက အောင်ပန်း၊ ကလော၊ ဟိုပုံး၊ ညောင်ရွှေ၊ လဲချားနဲ့ ခိုလမ်မြို့တွေမှာ မိုးရက်ဆက် ရွာသွန်းနေတာကြောင့် ရေကြီးရေလျှံနေပြီး နေအိမ်တွေအတွင်း ရေဝင် ရောက်တာ တွေလည်း ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
နိုဝင်ဘာ ၈ ရက်ကစပြီး နေ့ရောညပါ မိုးဆက်တိုက်ရွာသွန်းခဲ့တာကြောင့် ဒီနေ့ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ အောင်ပန်းမြို့ပေါ် ရပ်ကွက်တချို့မှာ ရေတွေတင်လာပြီး လမ်းတွေနဲ့ နေအိမ်ဝင်းတွေ ထဲအထိ ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလောမြို့မှာလည်း ချောင်းရေမြင့်တက်လာတာကြောင့် ရပ်ကွက်အမှတ် ၂၊ ၄ နဲ့ ပလောင်ဈေးအနီး တဝိုက်မှာ ရေကြီးရေလျှံပြီး နေအိမ်တချို့အတွင်း ရေဝင်နေတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “မိုးက ရက်ဆက်ရွာနေတာဆိုတော့ ရေတွေက တဖြည်းဖြည်း မြင့်လာတယ်။ အထူးသဖြင့် မြေနိမ့်ပိုင်းတွေမှာ ရေဝင်တာ ပိုများတယ်။ လမ်းတွေမှာလည်း ရေတင်နေတော့ သွားလာရတာ အခက်အခဲရှိတယ်။ မိုးသာ ဆက်ရွာနေဦးမယ်ဆိုရင် ရေထပ်တက်လာမှာကို စိုးရိမ် နေကြတယ်” လို့ ပြောပါတယ်။
အလားတူ ဟိုပုံး၊ ညောင်ရွှေ၊ လဲချားနဲ့ ခိုလမ်မြို့တွေမှာလည်း မိုးသည်းထန်စွာ ရွာသွန်းနေပြီး ဒေသ တချို့မှာ ရေကြီးရေလျှံနေပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ရေမြောင်းတွေ ပြည့်လျှံနေသလို တောင်ကျချောင်းရေတွေ လည်း စီးဆင်းလာတဲ့အတွက် မြေနိမ့်ပိုင်းရပ်ကွက်၊ ရွာတွေမှာ ရေဝင်ရောက်မှု ပိုများလာနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ နိုဝင်ဘာ ၈ ရက် ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ မိုးရွာသွန်းမှုတွေရှိခဲ့ပြီး ကလောမြို့မှာ တရက်အတွင်း မိုးရေချိန် ၁ ဒသမ ၉၃ လက်မအထိ ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ် အပါအဝင် ဒေသတချို့မှာလည်း နောက်ထပ် ၂ ရက်အတွင်း မိုးပိုရွာ နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။











