
မကွေးတိုင်းဒေသကြီးအတွင်းမှာ အောက်တိုဘာလ ၉ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် အယောက် ၆၀ ထိ စံချိန်တင်တွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
ရန်ကုန် NHL ကို ပေးပို့တဲ့ ဓာတ်ခွဲစစ်ဆေးချက်တွေအရ နတ်မောက်မြို့နယ်က ၂၄ ဦး၊ ရေနံချောင်းမြို့နယ်က ၁၂ ဦး၊ အောင်လံမြို့နယ်က ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမှာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
ဒါ့အပြင် Test Kits နဲ့ မြို့နယ်အလိုက် အမြန်စစ်ဆေးချက်တွေအရ တောင်တွင်းကြီးမြို့နယ်မှာ ၁၃ ဦး၊ အောင်လံမြို့နယ်မှာ ၇ ဦး၊ သရက်မြို့နယ်မှာ ၁ ဦး၊ ဂန့်ဂေါမြို့နယ်မှာ ၁ ဦးနဲ့ နတ်မောက်မြို့နယ်မှာ ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး လူနာအရေအတွက် များပြားတာကြောင့် အသေးစိတ်အချက်လက်ဖြေပေးဖို့ အခက်ခဲရှိတယ်လို့ ဆိုပါတယ်။
အဲဒီလူနာတွေကို သက်ဆိုင်ရာမြို့နယ်အလိုက် ကုသပေးမှာဖြစ်ပြီး လူနာတွေနဲ့ ထိစပ်ခဲ့သူတွေကို အသွားအလာကန့်သတ်ပြီး ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးသွားမယ်လို့ ပြောပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄၉ ဦးထိ တွေ့ရှိထားပြီး ဆေးရုံဆင်းခွင့် ရရှိသူ ၄၄ ဦးရှိတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
သတင်း-မင်းထီး










