
မြေငလျင်တွေ မကြာခဏလှုပ်ခတ်နေတဲ့ ရန်ကုန်မြို့မှာ အဆောက်အအုံတွေကို အန္တရာယ်ရှိတဲ့ အဆင့် ခွဲခြားသတ်မှတ်နိုင်ဖို့ ငလျင်နဲ့ သဘာဝဘေး စစ်ဆေးစမ်းသပ်ခြင်းလုပ်ငန်းတွေ ဇူလိုင် ၁ ရက်ကစပြီး လုပ်ဆောင်မယ်လို့ ပြောထားပေမဲ့ စစ်ဆေးစမ်းသပ်တာတွေ မတွေ့ရှိရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်မြို့က အဆောက်အအုံတွေကို အန္တရာယ်ရှိတဲ့အဆင့် ခွဲခြားသတ်မှတ်နိုင်ဖို့ ငလျင်နဲ့ သဘာဝဘေး စစ်ဆေးစမ်းသပ်တာတွေကို ဇူလိုင် ၁ ရက်နေ့က စတင်မယ်ဆိုပြီး စစ်အာဏာရှင်ခန့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ဇွန် ၂၂ ရက်က ပြောခဲ့ပါတယ်။
စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ရုံးအဆောက်အအုံတွေကို အဓိကထား လုပ်ဆောင်သွားမှာဖြစ်ပြီး လူနေရပ်ကွက်တွေထဲက အဆောက်အအုံတွေကိုပါ စစ်ဆေးသွားမယ်လို့ မြန်မာနိုင်ငံငလျင် ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောဆိုကြောင်း စင်ကာပူအခြေစိုက် Channel News Asia သတင်းကလည်း ဖော်ပြခဲ့ပါတယ်။
အရင်ဆုံးအနေနဲ့ မျက်မြင်အတိုင်း အကဲဖြတ်တဲ့အဆင့်ကို စတင်ဆောင်ရွက်မှာ ဖြစ်ပြီး ကြံ့ခိုင်မှု အားနည်းတဲ့ အဆင့်အဖြစ် သတ်မှတ်ခံရတဲ့ အဆောက်အအုံတွေကို အသေးစိတ် စစ်ဆေးမှု ပြုလုပ်မှာဖြစ်ကာ နောက်ဆုံးအဆင့်မှာမှ အန္တရာယ်ရှိ အဆောက်အအုံတွေကို ဘယ်လို ဆောင်ရွက်မယ်ဆိုတာ သက်ဆိုင်ရာဌာနတွေက ဆုံးဖြတ်ရမှာလို့လည်း သိရပါတယ်။
ဒီလို စစ်ဆေးတာတွေကို ဇူလိုင် ၁ ရက်က စတင်မယ်လို့ ပြောထားပေမဲ့ လက်တွေ့မှာ လုပ်ဆောင်တာ မတွေ့ရ၊ မကြားသိရသေးဘူးလို့ မြို့ခံတွေက ဆိုကြပါတယ်။
ရန်ကုန်မြို့ခံတယောက်က “ရန်ကုန်မှာတော့ နေထိုင်တဲ့လူတွေကို အဆောက်အအုံတွေ စစ်ဆေးဖို့ ဆိုပြီး လိုက်လံပြီးတော့ ပြောကြားတာတော့ သိပ်မတွေ့သေးဘူးဗျ။ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ အစုံအစုံပေါ့ အလုံ၊ ကြည့်မြင်တိုင် အဲ့ဘက်တွေတော့ မကြားမိဘူးဗျ။ တခြားဘက်တွေတော့ ဘာပြောလဲ မသိဘူးပေါ့နော်”လို့ ပြောပါတယ်။
ရန်ကုန်က မြို့ပြဆောက်လုပ်ရေး အင်ဂျင်နီယာ တယောက်ကလည်း သူအလုပ်လုပ်ကိုင်ရာ ဝန်းကျင်မှာလည်း အဆောက်အအုံတွေကို စစ်ဆေးနေတာ မကြားမိ၊ မတွေ့မိဘူးလို့ ပြောပါတယ်။
“ဒီမှာတော့ အဲ့လိုမျိုးတော့ မတွေ့မိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ တွေ့မိရင်တော့ ကိုယ်က site ထဲမှာ နေနေတဲ့သူဆိုတော့ အဲ့ဒီသတင်းကတော့ တယောက်မဟုတ်တယောက်စီက ကြားမှာပဲလေ။”
၂၀၂၅ ခုနှစ် မတ် ၂၈ ရက်နေ့က စစ်ကိုင်းကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် လူပေါင်း ၂၈,၀၀၀ ကျော် သေဆုံးခဲ့ရပြီး အဆောက်အုံများစွာလည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဒီငလျင်ကြီးကြောင့် မန္တလေးနဲ့ စစ်ကိုင်းက ထိခိုက်ပျက်စီးဆုံးရှုံးမှု အများဆုံးလည်း ဖြစ်ခဲ့ပြီး ရှမ်းပြည်နယ်နဲ့ နေပြည်တော်မှာလည်း အများအပြား ပျက်စီးခဲ့ရပါတယ်။
ဒီလို ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကြောင့် အိုးအိမ်အဆောက်အအုံ တိုက်တာတွေရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီးလည်းများစွာ မေးခွန်းထုတ်၊ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။
ဒီလပိုင်းအတွင်း ငလျင် ခပ်စိပ်စိပ် လှုပ်နေတဲ့ ရန်ကုန်မှာလည်း အလားတူ ငလျင်ကြီး လှုပ်ခတ်ခဲ့ရင် ကြိုတင်ကာကွယ်နိုင်ဖို့ အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုတွေကို စစ်ဆေးပြီး ပြင်ဆင် ဆောက်လုပ် ကြဖို့ များစွာ တိုက်တွန်းမှုတွေလည်း ရှိနေတာပါ။
ရန်ကုန်မြို့ခံတယောက်က “မန္တလေးတို့ စစ်ကိုင်းတို့မှာလည်း တခါမှမဖြစ်ဘူးတဲ့ဟာ။ ကျနော်တို့ တသက် တခါမှ မဖြစ်ဘူးတဲ့ဟာ ဖြစ်ခဲ့တာဆိုတော့လေ။ အဲ့ဒီအချိန်တုန်းကလည်း ရန်ကုန်မှာလည်း တော်တော် လှုပ်သွားတယ်။ အကယ်၍ ရန်ကုန်မှာ လှုပ်ခဲ့မယ်ဆိုရင်လည်း တော်တော်များများ တိုက်တာ အဆောက်အအုံတွေ ပြိုကျပျက်စီးနိုင်တာပေါ့ဗျာ။ မလုံခြုံတဲ့ အဆောက်အအုံတွေ ကတော့ ရှိတာပဲ၊ ရန်ကုန်ကတော့ တိုက်တာ အဆောက်အအုံတွေ အရမ်းများတယ်။ အကုန်လုံးက လည်း နှစ်အနည်းဆုံး ၂၀ ၊ ၃၀ ကျော်တွေချည်းပဲ။ မန္တလေးလိုနေရာမျိုးမှာတောင်မှ အများစုက ကွန်ဒိုအနည်းငယ်ပဲ ရှိပြီးတော့ ခြံနဲ့ ဝင်းနဲ့ နေရာတွေတောင်မှ လူသေပျက်စီးမှု များတာဆိုတော့ ရန်ကုန်လိုနေရာမျိုးဆိုရင်တော့ ပြောမနေနဲ့တော့ဗျာ၊ တကယ်မလွယ်ပါဘူး၊ တကယ်သာ ဖြစ်ခဲ့မယ် ဆိုရင်ပေါ့”လို့ ပြောပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နမိတ်အတွင်းက လူနေထိုင်ဖို့ မသင့်တဲ့ အန္တရာယ်ရှိ အဆောက်အအုံတွေကို ဖြိုဖျက်တာ၊ အသစ်ပြန်လည်တည်ဆောက်တာ မရှိသေးတဲ့ အဆောက်အအုံတွေမှာ နေထိုင်နေသူတွေကို အမြန်ဆုံး ပြောင်းရွှေ့ဖယ်ရှားပေးဖို့ အကြောင်းကြား ထားပြီး ဖြစ်တယ်လို့ စစ်အာဏာရှင်ခန့် စည်ပင်ဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောခဲ့ပါတယ်။
ဒါပေမဲ့ လူနေထိုင်ဖို့ မသင့်ဆိုတဲ့ စာတွေကပ်ထားတဲ့ အန္တရာယ်ရှိအဆောက်အအုံတွေဟာ ဒီအတိုင်းပဲ ရှိနေပြီး နေထိုင်သူတွေကလည်း ဆက်နေထိုင်နေတာတွေ ရှိသလို ဖြိုဖျက်တာတွေ လည်း မရှိတဲ့အတွက် အန္တရာယ်ရှိတဲ့ အဆောက်အအုံတွေဟာ အန္တရာယ်ဆက်ရှိနေတုန်းပဲလို့ ရန်ကုန်က ဒေသခံတွေက ဆိုပါတယ်။
မြတ်သဇင်










