
စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြားမှာ ပိတ်မိနေတဲ့ သင်္ဘောသား ၁၁,၀၀၀ ကျော်ကို ကယ်ထုတ်မယ်လို့ ကုလသမဂ္ဂ နိုင်ငံတကာရေကြောင်းအဖွဲ့ချုပ် (IMO) က ထုတ်ပြန်ပါတယ်။
ဒီလုပ်ငန်းစဉ်ကို အီရန်၊ အိုမန်၊ အမေရိကန်နဲ့ တခြား ကမ်းရိုးတန်းနိုင်ငံတွေ ပူးပေါင်းမယ်လို့ အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး အာဆီနီယို ဒိုမင်ဂုက်ဇ်က ပြောပါတယ်။
တချိန်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခ မကောက်ခံဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီအိုက အီရန်ကို သတိပေးထားပါတယ်။
ဇွန် ၂၃ ရက်က UAE နိုင်ငံကို ရောက်ရှိချိန်မှာ နိုင်ငံတကာ ရေပိုင်နက်ဖြစ်တဲ့အတွက် ဘယ်နိုင်ငံကမှ ဖြတ်သန်းခ ကောက်ခံခွင့် မရှိဘူးလို့ ရူဘီအိုက သတိပေးပါတယ်။
အမေရိကန်နဲ့ အီရန်တို့ဟာ ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်မှာ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးခဲ့ပေမဲ့ သဘောတူညီချက် အသေးစိတ်နဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲနေဆဲ ဖြစ်ပါတယ်။
အီရန်ရဲ့ နျူကလီးယား အစီအစဉ်တွေကို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က စစ်ဆေးခွင့်ရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
ဒါပေမဲ့ အမေရိကန်နဲ့ အစ္စရေးတို့ ဗုံးကြဲခဲ့တဲ့ စက်ရုံတွေကိုတော့ စစ်ဆေးခွင့်ပြုမှာ မဟုတ်ဘူးလို့ အီရန်ဘက်က ပြောပါတယ်။
ပါကစ္စတန်ကို ရောက်ရှိနေတဲ့ အီရန်သမ္မတ မာဆွတ် ပေဇက်ရှ်ကီယန်ကလည်း သူတို့ရဲ့ ကာကွယ်ရေးစွမ်းဆောင်ရည်ကို ဘယ်သူနဲ့မှ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ဇွန် ၂၃ ရက်မှာ ပြောပါတယ်။
သဘောတူညီချက် လက်မှတ်ရေးထိုးပြီး နောက်တနေ့ဖြစ်တဲ့ ဇွန် ၁၈ ရက်ကစပြီး ရေလက်ကြား ကနေ ပြန်လည်ဖြတ်သန်းတဲ့ သင်္ဘောအစင်းရေ ၁၇၂ စင်းအထိ ရှိနေပြီ ဖြစ်ပါတယ်။
Source:Reuters










