
မွန်ပြည်နယ်က ကိုဗစ်-၁၉ လူနာတွေကို ကုသပေးဖို့ ၂ ပတ်အတွင်း တည်ဆောက်ခဲ့တဲ့ ယာယီဆေးရုံ တည်ဆောက်ပြီးစီးသွားပြီးဖြစ်လို့ အဲဒီဆေးရုံမှာ ရောဂါ မပြင်းထန်တဲ့ ကိုဗစ်လူနာတွေကို ထားရှိသွားတော့မှာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို မော်လမြိုင် ပြည်သူ့ဆေးရုံမှာပဲ အဓိက စောင့်ကြည့်ကုသပေးနေတာ ဖြစ်ပါတယ်။
အခုအခါမှာတော့ ကိုဗစ်လူနာတွေ များလာရင် ထားဖို့အတွက် ယာယီဆေးရုံကို မော်လမြိုင်ပြည်သူ့ဆေးရုံအရှေ့က မော်လမြိုင်အ.ထ. က(၁) ကျောင်း ဘောလုံးကွင်းမှာ အလှူရှင်ရဲ့ အကူအညီနဲ့ ၂ ပတ်အတွင်း အပြီး တည်ဆောက်ခဲ့တာပါ။
အဲဒီယာယီဆေးရုံမှာတော့ ကိုဗစ်အတည်ပြုလူနာတွေ ဖြစ်ပေမယ့် ငယ်ရွယ်ပြီး ရောဂါလက္ခဏာ မပြတဲ့သူတွေ၊ အနီးကပ်စောင့်ကြည့်ဖို့ ကုသဖို့ မလိုတဲ့ လူနာတွေနဲ့ အနံ့တခုပဲ မရတဲ့ လူနာတွေကို ပြောင်းရွှေ့ကြည့်ကုပေးသွားမှာ ဖြစ်ပါတယ်။
အဲဒီယာယီဆေးရုံကိုတော့ စက်တင်ဘာ ၂၅ ရက်နေ့မှာ စတင် တည်ဆောက်ခဲ့တာ ဖြစ်ပြီး အောက်တိုဘာ ၈ ရက်နေ့မှာ တည်ဆောက်မှု ပြီးစီးသွားခဲ့တာပါ။
ယာယီဆေးရုံမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၀၀ နီးပါကို စောင့်ကြည်ကုပေးနိုင်မှာ ဖြစ်ပြီး ရောဂါလက္ခဏာမပြတဲ့ လူနာတွေကို ရက်ပိုင်းအတွင်း ပြောင်းရွှေ့ကုသပေးသွားမှာ ဖြစ်ပါတယ်။
ယာယီဆေးရုံအတွက် လိုအပ်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းတွေနဲ့ စေတနာဝန်ထမ်း တွေရောပြီး တာဝန်ချထားပေးသွားမယ်လို့ ဆိုပါတယ်။
ဒီယာယီဆေးရုံကိုတော့ မော်လမြိုင်က ကျော်ကြားအိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင်က ကျပ်သိန်းပေါင်း ၁၅၀၀ ကျော်ကုန်ကျခံ တည်ဆောက် လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ ကိုဗစ်-၁၉ လူနာတွေအတွက် မော်လမြိုင်ပြည်သူ့ဆေးရုံမှာ ကုတင် ၁၀၀ ၊ ပြည်နယ်ကုသရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာမှာ ကုတင် ၁၉၀ ကျော်နဲ့ ယာယီဆေးရုံမှာ ကုတင် ၃၀၀ စုစုပေါင်း ကုတင် ၆၀၀ နီးပါး ပြင်ဆင်ထားပါတယ်။
သတင်း- ဇော်လွင်ထွဋ်










