DVB Logo
Home
မြန်မာသတင်း
တိကျသည့်ညွှန်ကြားချက်မလာဖြင့် ပုသိမ်အထည်ချုပ်စက်ရုံများနှင့်အလုပ်သမားများ အခက်ကြုံ
DVB
·
October 8, 2020
တိကျသည့်ညွှန်ကြားချက်မလာဖြင့် ပုသိမ်အထည်ချုပ်စက်ရုံများနှင့်အလုပ်သမားများ အခက်ကြုံ
1 / 4
Donate to DVB

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ဖို့အတွက် ယာယီပိတ်ခိုင်းထားတဲ့ ရက်ပြည့်ပြီဖြစ်ပေမဲ့ ပုသိမ်အထည်ချုပ်စက်ရုံတွေအတွက် တိကျတဲ့ ညွှန်ကြားချက်တွေ မရောက်လာတာကြောင့် အထည်ချုပ်စက်ရုံတွေနဲ့ စက်ရုံလုပ်သားတွေ အခက်အခဲ ကြုံနေကြတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံတွေကို ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ဖို့  ဧရာဝတီတိုင်းအစိုးရက စက်တင်ဘာ ၂၄ ရက်ကနေ အောက်တိုဘာ ၇ ရက်အထိ ယာယီပိတ်ခိုင်းခဲ့ပါတယ်။

စက်ရုံတွေ ယာယီပိတ်ရက်ပြည့်ပေမဲ့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ဆီကနေ တရားဝင် အမိန့်၊ ညွှန်ကြားချက် ရောက်ရှိမလာလို့ အထည်ချုပ်စက်ရုံတာဝန်ရှိသူတွေနဲ့ စက်ရုံ အလုပ်သမားတွေ အခက်အခဲများကြုံတွေနေတယ်လို့ စက်ရုံတာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။

“စက်ရုံကို ဆက်ပိတ်ဖို့၊ ဒါမှမဟုတ် ဖွင့်ဖို့ဆိုတဲ့စာ တရားဝင် ရောက်မလာဘူး။ အဲတော့ ကျနော်တို့ကတော့ ဝန်ထမ်းတွေကို မလာခိုင်းထားဘူး။ တရားဝင် အမိန့်ညွှန်ကြားချက် ဘာမှ ရောက်မလာတော့ ကျနော်တို့လည်း ဘာဆက်လုပ်ရမှန်းကို မသိတော့ဘူး။ အမိန့်ညွှန်ကြားချက် တရားမဝင်မထွက်တော့ ဝန်ထမ်းတွေကို လစာပေးဖို့တောင် အခက်အခဲ ဖြစ်နေတယ်။ ခွင့်ပြုချက် မရှိဘဲ လူစုလူဝေးလုပ်တယ်ဆိုတာမျိုး ဖြစ်မှာကို စိုးရိမ်နေရတာ”လို့ ပြောပါတယ်။

အထည်ချုပ်စက်ရုံများ ပြန်လည်ဖွင့်လှစ်ဖို့ ဒါမှမဟုတ် ဆက်လက်ပိတ်သိမ်းထားဖို့နဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဌာနဝန်ကြီး ဒေါက်တာစိုးဝင်းကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားခြင်းမရှိပါ။

လုပ်ခလစာတွေကို ATM ကတ်နဲ့ ပေးချေတဲ့ စက်ရုံလုပ်သားတွေဟာ အောက်တိုဘာ ၅ ရက်နေ့က လုပ်ခလစာ ရရှိကြပေမဲ့ ATM ကတ်မရှိတဲ့ စက်ရုံအလုပ်သမားတွေကို အောက်တိုဘာ ၈ ရက်နေ့မှာ လစာပေးချေဖို့ အထည်ချုပ်စက်ရုံတချို့က စီစဉ်ထားတာပါ။

Amava Apparel အထည်ချုပ်စက်ရုံမှ အလုပ်သမား မအိမွန်စိုးက“ကျမတို့ အလုပ်သမားဌာနကို ဖုန်းဆက်မေးတော့လည်း စက်ရုံက ဖွင့်မှာလား၊ ပိတ်မှာလား တိတိကျကျ မပြောဘူး။ ကျမတို့လက်ရှိလုပ်နေတဲ့ Amava စက်ရုံကတော့ မနက်ဖြန်တစ်ရက် ပိတ်မယ်ပြောတယ်။ ကျမတို့ဖြစ်စေချင်တာက ပိတ်မယ်ဆိုလည်း ပိတ်၊ ဖွင့်မယ်ဆိုလည်း ဖွင့် တိတိကျကျ ဖြစ်စေချင်တယ်။ အဆောင်ငှားနေသူတွေမှာ အဆောင်ခတွေကုန်ပြီး အခက်အခဲတွေ အများကြီးဖြစ်တယ်”လို့ ပြောပါတယ်။

ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံအလုပ်သမား ၃ ဦး ရောဂါကူးစက်ခံရပြီးနောက် အထည်ချုပ်စက်ရုံတွေကို ယာယီပိတ်ခိုင်းခဲ့ကာ အဲ့နောက်မှာ အထည်ချုပ်စက်ရုံအလုပ်သမား ၃ ဦး ထပ်မံရောဂါကူးစက်ခံခဲ့ရပါတယ်။

ပုသိမ်စက်မှုဇုန်အတွင်း အထည်ချုပ်စက်ရုံ ၉ ရုံရှိပြီး အထည်ချုပ်အလုပ်သမား စုစုပေါင်း ၁၄၀၀၀  နီးပါး အလုပ်လုပ်ကိုင်နေတယ်လို့ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013