DVB Logo
Home
မြန်မာသတင်း
ဆေးရုံများတွင် အောက်စီဂျင်လိုအပ်ပါကကူညီမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော 
DVB
·
October 7, 2020
ဆေးရုံများတွင် အောက်စီဂျင်လိုအပ်ပါကကူညီမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော 
Donate to DVB

ဆေးရုံတွေမှာ အောက်စီဂျင်တွေလိုအပ်နေရင် ပို့ပေးသွားဖို့နဲ့ တပ်မတော်အနေနဲ့ ပေးနိုင်သလောက်၊ တတ်နိုင်သလောက် မျှဝေခံစားပြီးအကုန်ပေးသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

မနေ့က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမမှာလုပ်တဲ့ ကိုဗစ်-၁၉  ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနဲ့ တခြားလိုအပ်ချက်တွေ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာ ပြောခဲ့တာပါ။

“အောက်ဆီဂျင်နဲ့ပတ်သက်လို့ တပ်မတော်မှာရှိတဲ့ အောက်ဆီဂျင်ထုတ်တဲ့ စက်တွေ ကောင်းဖို့လိုမယ်။ ပြီးလို့ရှိရင် အရပ်ဘက်မှာ လိုလို့ရှိရင် အောက်ဆီဂျင်အိုးတွေ လှူဖို့လိုမယ်။ တောက်လျှောက် ပို့ပေးနေဖို့လိုမယ်။ ခုအရပ်ဘက်မှာ အောက်ဆီဂျင်အိုးမပေးနိုင်ဘူး ပြောတယ်။ တော်တော်အသက်ရှူရခက်တဲ့လူတွေပဲ အောက်ဆီဂျင်အိုးပေးနိုင်တယ်ဆိုပြီး Online မှာ လျှောက်ရေး နေတာ တွေ့တယ်။ ဟုတ်သည် မဟုတ်သည် မပြောလိုဘူး။ သို့သော် တပ်မတော်က အောက်ဆီဂျင်အိုးတွေ ပို့ပေးနိုင်ရင် အောက်ဆီဂျင်အိုးတွေ ပို့ပေးပါ။ ရန်ကုန်ဆေးရုံကြီးနဲ့ ဆက်သွယ်။ ဒီမှာ အောက်ဆီဂျင်အိုးတွေရှိတယ်။ ကျနော်တို့ပေးမယ်။ တပ်က ကားနဲ့သွားပို့ ပေးလိုက်။ ရန်ကုန်ဆေးရုံကြီး၊ ကုတင်(၅၀၀)ဆေးရုံကြီး ရှိမယ်။ ဒီလိုဘဲ နေပြည်တော်မှာ ရှိမယ်။ လိုလို့ရှိရင် ကားနဲ့ပို့မယ်။ အောက်ဆီဂျင် Plant တွေရှိမယ်။ ပြင်ဦးလွင်မှာရှိမယ်။ အောင်ပန်းမှာ ရှိမယ်။ ဒီလူတွေက အဆုတ်နဲ့ပတ်သက်ပြီး ဖြစ်တာများတယ်။ အသက်ရှူရခက်ခဲတယ်။ ဒီတော့ အောက်ဆီဂျင်ပေးဖို့လှူဖို့တော့ လိုလိမ့်မယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ စာသင်တိုက်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ အများနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ ရောဂါကူးစက်မှုနှုန်းမြင့်မားနေတာကို တွေ့ရလို့ ကြိုတင်ကာကွယ်တဲ့ လုပ်ငန်းကို အားထည့်လုပ်ရမှာဖြစ်ပြီး တပ်မတော်အနေနဲ့လည်း အဲဒီနေရာတွေကို စစ်ဆေးပေးနိုင်ရေး လုပ်ရမယ်လို့ ပြောပါတယ်။

ကိုဗစ်-၁၉ အတွက် တပ်မတော်သားတွေ၊ အရပ်သားအစားခန့်ဝန်ထမ်းတွေရဲ့ တရက်စာလုပ်ခ လစာငွေ ၂ လစာ၊ တရက်စာ အလှူငွေရရှိတာ၊ အရာရှိကြီးတွေရဲ့ တလစာနဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်း အလှူငွေ၊ အရပ်ဘက်အလှူငွေရရှိတာ စုစုပေါင်းဟာ ကျပ်သန်း ၅၀၀၀ ကျော်ရှိပြီး လက်ရှိအချိန်ထိ ကျပ်သန်း ၄၅၀၀ ကျော်သုံးစွဲခဲ့ပြီလို့လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “အရင်တုန်းက စစ်မှုထမ်းဟောင်းတွေ စပြီးလှူခဲ့တယ်။ နောက်ဆုံးလူမှုအဖွဲ့အစည်းတွေမှာလည်း လိုအပ်ချက်ရှိတယ်ဆိုတဲ့အခါကျ တောက်လျှောက် လှူဒါန်းခဲ့တယ်။ စစ်မှုထမ်းဟောင်းတွေ ရဲမှုထမ်းဟောင်းတွေရှိတယ် နောက်နိုင်ငံ့ဝန်ထမ်းတွေရှိတယ် ဒါတွေကို တို့ရေရှည် ဘယ်လောက်ပေးနိုင်သလဲ၊ ဒါလဲ တို့ကြည့်ရမယ် တပ်မတော်အနေနဲ့ တို့ပေးနိုင် သလောက်၊ တတ်နိုင်သလောက်တော့ မျှဝေခံစားပြီးအကုန်ပေးသွားမှာဘဲ ပြည်သူလူထု အတွက် အတတ်နိုင်ဆုံး သောကမဖြစ်အောင် ဆောင်ရွက်ပေးနိုင်ဖို့လိုတယ်” လို့ ပြောပါတယ်။

ရောဂါဟန့်တားဖို့အတွက် ထိရောက်စေတဲ့ Mask တွေကို မဖြစ်မနေတပ်ဆင်ကြဖို့ လိုသလို အမှန်တကယ် ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်တဲ့ Mask တွေထုတ်လုပ်ပြီး အမြတ်အဓိက မဟုတ်ဘဲ သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးရမယ်လို့လည်း ဆိုပါတယ်။ ဝယ်ဖို့ မတတ်နိုင်သူတွေကိုလည်း အခမဲ့ပေးဝေနိုင်ဖို့ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

စားရေး သောက်ရေးမှာ အခက်အခဲရှိနေတဲ့ လူတွေကိုလည်း အနည်းဆုံးလိုအပ်ချက်နဲ့ ထမင်းစားလို့အဆင်ပြေအောင် ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ စဉ်းစားဖို့လိုမယ်လို့လည်း ဆိုပါတယ်။

လက်ရှိအခြေအနေဟာ တော်တော် စိုးရိမ်ကြောင့်ကြမှုရှိနိုင်ပြီး ဒါနဲ့ပတ်သက်ရင် ဘယ်လိုမှ မပေါ့ဆဖို့၊ အမိန့်စောင့်နေလို့မရဘဲ အချိန်နဲ့တပြေးညီ အသိပေးပြီး လုပ်လို့ရတဲ့ နည်းလမ်းမှန်သမျှနဲ့ အကုန်လုံးဖြေရှင်းဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။

 ဒီအစည်းအဝေးမှာ တပ်မတော်စက်ရုံတွေက Mask တွေ၊ Face Shield တွေ၊ PPE ဝတ်စုံတွေ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့အခြေအနေတွေ၊ ကျန်းမာရေးအခြေအနေအရ အရေးပေါ်လိုအပ်လာရင် ယာယီဆေးရုံနဲ့ ကျန်းမာရေးဌာနတွေ အမြန်ဆောက်လုပ်ဆောင်ရွက်ပေးနိုင်ရေး တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်တွေကို  အသင့်စုဖွဲ့ထားရှိတဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မနေ့ည၈ နာရီအထိ  ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၂၀,၀၃၃    ယောက် ၊ သေဆုံးသူ ၄၇၁   ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၇၈၂  ယောက် ရှိသွားပြီဖြစ်ပါတယ်။

ဓာတ်ပုံ- DISINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013