DVB Logo
Home
မြန်မာသတင်း
ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရသဖြင့် မောင်တောခရိုင်ကော်မရှင်နှင့် လဝကကို တရားစွဲမည်
DVB
·
October 5, 2020
ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရသဖြင့် မောင်တောခရိုင်ကော်မရှင်နှင့် လဝကကို တရားစွဲမည်
Donate to DVB

လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး  မောင်တောခရိုင်ရွေးကောက်ပွဲကော်မရှင်နဲ့ ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနတို့ကို   တရားစွဲမယ်လို့   ပယ်ဖျက်ခံရသူက ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့မှာ နေထိုင်တဲ့  ဒိုစ်မူဟာမတ် (ခ) ဦးအေးဝင်းဟာ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီကို ကိုယ်စားပြုပြီး   ၂၀၂၀ ရွေးကောက်ပွဲမှာ   ဝင်ရောက်ယှဉ် ပြိုင် ရွေးကောက်တင်မြှောက်ခံဖို့  စီစဉ်ထားတာဖြစ်ပါတယ်။ 

ဦးအေးဝင်းကို  မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်အမတ်လောင်းအဖြစ်  ရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြု လက်မှတ်ထုတ်ပေး ပြီးကာမှ အောက်တိုဘာ ၂ ရက်နေ့က  ပြန်လည်စိစစ်ပြီး ပယ်ချခဲ့ကြောင်း မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးက အသိပေးအကြောင်းကြားလာတာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ခုလို ပြန်လည်ပယ်ဖျက်ခံရတဲ့ အတွက် နစ်နာမှုအတွက် အောက်တိုဘာ ၅ ရက်နေ့မှာ  တရားစွဲဖို့ လုပ်ဆောင်သွားမယ်လို့   ပယ်ချခံရသူ ဦးအေးဝင်းက ပြောပါတယ်။

 "ဘာအတွက် စွဲရတာလဲ ဆိုတော့ ကျနော်ကို အမတ်လောင်းအဖြစ်က ပြန်လည်စိစစ်ပြီး ထုတ်ပယ်လိုက်ကြောင်း အောက်တိုဘာ ၂ ရက်နေ့က မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်က ဖုန်းဆက်အကြောင်း ကြားလာတယ်။ ကျနော်မှာ ဆုံးရှုံးနစ်နာမှုရှိတွေ များစွာရှိသွားပြီ။ ထိုနစ်နာမှုတွေအတွက်  တရားစွဲဆိုပြီး လျှော်ကြေးတောင်းသွားမှာဖြစ်တယ်။"

အမတ်လောင်းလက်မှတ်ထုတ်ပေးပြီး အခုလို မဲဆွယ်ကာလရောက်ပြီးမှ ပြန်လည်စိစစ်ထုတ်ပယ်တယ်ဆိုတာလုံးဝ တရားမျှတမှု မရှိဘူးလို့လည်း ဦးအေးဝင်းက ပြောတယ်။

"မရွေးချယ်ရင် အစကတည်းက မရွေးနဲ့ပေါ့ဗျာ။ အခုက အမတ်လောင်း အဖြစ်အသိအမှတ်ပြု လက်မှတ်ထုတ်ပေးလိုက်ပြီ ပိုစတာတွေ၊ နံရံကပ် ဗီနိုင်းတွေ လက်ကမ်းစာစောင်တွေအားလုံး လုပ်ပြီးပြီ၊  ဖြန့်ဝေထားပြီ။ မဲဆွယ်စည်းရုံးနေတဲ့အချိန်မှာမှ အခုလို ထုတ်ပယ်တယ်ဆိုတာတော့ လုံးဝ မလုပ်သင့်တဲ့အလုပ်ပါ။ အရေးယူရင် စိစစ်တာ မှားတဲ့အတွက် လဝက ကိုသာ အရေးယူရမှာဖြစ်တယ်။ ကျနော်ကို ထုတ်ပယ်စရာမလိုဘူး။"

အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူ တစ်ဦးက  “ပထမ စစ်ဆေးတာ ခရိုင်လဝက မှားတယ်ဆိုရမှာပေါ့ဗျာ၊ ပထမစစ်ဆေးပြီး အမတ်လောင်းအဖြစ် အသိအမှတ်ပြုခဲ့တယ်။ နောက် ထပ်မံစစ်ဆေးတဲ့အခါ သူမွေးဖွားတဲ့ အချိန်မှာ သူ့အဖေနဲ့အမေက နိုင်ငံသားမှတ်ပုံတင် မရသေးတာတွေ့ရတယ်။ (နိုင်)မရသေးဘူး။ သုံးခေါက်ချိုး “အမထ”ဘဲ ရသေးတာဖြစ်တယ်။ ဒါကြောင့် ပယ်လိုက်ရတာဖြစ်တယ်”လို့ ပြောပါတယ်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးမှာ ၈ နေရာဝင်ပြိုင်ဖို့ လျှောက်ထားခဲ့ရာမှာ မောင်တောမြို့နယ်မှာ  ပြည်သူ့လွှတ်တော် ၁ နေရာသာ  ဝင်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်ပြီး  အခု ရရှိထားတဲ့ တစ်နေရာလည်း ထပ်မံ ပယ်ဖျက်ခံခဲ့ရတာ ဖြစ်ပါတယ်။

သတင်း - လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013