DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ မဲဆွယ်ယာဉ်တန်းလိုက်ပါသူ ၁ ဦးအပါအဝင် ၃၅ ဦး ကိုဗစ်-၁၉ ပိုးတွေ့
DVB
·
October 5, 2020
ဧရာဝတီတိုင်း၌ မဲဆွယ်ယာဉ်တန်းလိုက်ပါသူ ၁ ဦးအပါအဝင် ၃၅ ဦး ကိုဗစ်-၁၉ ပိုးတွေ့
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အောက်တိုဘာ ၂ ရက်နဲ့ ၃ ရက်နေ့တွေက  အန်အယ်လ်ဒီပါတီရဲ့ မဲဆွယ်ယာဉ်တန်းလိုက်ပါခဲ့သူ အမျိုးသား ၁ ဦးအပါအဝင် စုစုပေါင်း ၃၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မဲဆွယ်ယာဉ်တန်းမှာလိုက်ပါပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့ အမျိုးသားဟာ မဲဆွယ်နေ့ မတိုင်ခင် ၂ ရက်မှာ လေဘေးကယ်ဆယ်ရေးကိုသွားတဲ့ ခရီးစဉ်မှာ လိုက်ပါခဲ့ပြီး အဲဒီခရီးစဉ်မှာ ရောဂါပိုးကူးစက်ခံခဲ့ရတာလို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ဒီဗွီဘီကို ပြောပါတယ်။

“သူက မဲဆွယ်တဲ့ ယာဉ်တန်းမှာကူးတာ မဟုတ်ဘူး၊ အဲ့မတိုင်ခင် လေဘေးကယ်ဆယ်ရေး သွားတုန်းက ကူးတာ။ ယာဉ်တန်းနဲ့ မဲဆွယ်တဲ့ အချိန်မှာလည်း ကားပေါ်က မဆင်းခဲ့ဘူး၊ ဆိုင်တွေ ဝင်ထိုင်တာ မရှိဘူး။ ယာဉ်မောင်းပြောင်းဖို့အတွက် ဆင်းတာမျိုးတော့ရှိတယ်” လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ အသက် ၅၀ အရွယ်အမျိုးသားမှာ စက်တင်ဘာ ၂၂ ရက်နေ့က လေဘေးသင့်ဒေသဆီ တာဝန်ရှိသူတွေနဲ့ အတူလိုက်ပါခဲ့ပြီး စက်တင်ဘာ ၂၄ ရက် နေ့မှာ မော်တော်ယာဉ်တွေနဲ့ အခြားမြို့နယ်တွေကို လှည့်တဲ့ခရီးစဉ်မှာ လိုက်ပါခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ဟင်္သာတမြို့နယ်မှာ အောက်တိုဘာ ၃ ရက်နေ့က ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်ဖွဲ့ဝင် ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ညီညီလွင်က ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်ဟာ တိုင်းရဲတပ်ဖွဲ့ရုံးဖြစ်တဲ့ ပုသိမ်မြို့ကို အလုပ်တာဝန်နဲ့ မကြာခဏသွားလာရသူဖြစ်ကာ လွန်ခဲ့တဲ့ ၃ ရက်လောက်ကစတင်ကာ အနံ့ပျောက်တဲ့ ဝေဒနာခံစားရလို့ ဆေးရုံကြီးသွားရောက်ပြသခဲ့ပြီး စစ်ဆေးချိန်မှာ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

“သူက ခရိုင်ရဲတပ်ဖွဲ့က တာဝန်ထမ်းဆောင်ရင် ပုသိမ်ကို အသွားအလာရှိတယ်၊ အနံ့မရလို့ ဟင်္သာတပြည်သူ့ဆေးရုံကို တက်ရောက်ချိန်မှာ ရောဂါပိုးတွေ့ရှိခဲ့တာ၊ အဲဒီတော့ သူမိသားစုနဲ့ ထိတွေ့ခဲ့သူတွေကိုတော့ အသွားအလာကန့်သတ်တာတွေ ပြုလုပ်ထားပါတယ်” လို့ ဒေါက်တာညီညီလွင်က ပြောပါတယ်။

ရောဂါပိုးတွေ့ရှိခဲ့တဲ့ တပ်ဖွဲ့ဝင်ဟာ ရဲတပ်သား အဆင့်ဖြစ်ပြီး တိုင်းရဲတပ်ဖွဲ့ရုံးကို စက်တင်ဘာ ၁၈ ရက်က နောက်ဆုံးလာရောက်ခဲ့ကာ လက်ရှိအချိန်မှာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကို အသွားအလာကန့်သတ် စောင့်ကြည့်ထားတယ်လို့ တိုင်းရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

လက်ရှိအချိန်ထိ ဟင်္သာတမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတဲ့အတည်ပြုလူနာ ၃ ဦးထိရှိနေပြီး ပုသိမ်မြို့မှာတော့ ရောဂါပိုးကူးစက်ခံထားရသူ ၁၁၃ ဦးထိရှိပါတယ်။ ဧရာဝတီတတိုင်းလုံးမှာတော့ အောက်တိုဘာ ၄ ရက်နေ့ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၆၅ ဦးနဲ့ ဆေးရုံဆင်းခွင့်ရသူ ၁၃၈ ဦးရှိပြီဖြစ်ပြီး သေဆုံးသူတော့ မရှိသေးပါဘူး။

တိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူ အများဆုံးရှိတဲ့ ပုသိမ်မြို့ကိုတော့ Stay at Home နေထိုင်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်နေ့ ညပိုင်းက အမိန့်ထုတ်ပြန်ထားပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)




အမှားပြင်ဆင်ဖတ်ရှုပေးပါရန် အနူးအညွတ်တောင်းပန်ခြင်း

DVB

အောက်တိုဘာ ၅ ရက်နံနက် DVB အွန်လိုင်းသတင်းတွင် ဖော်ပြခဲ့သည့်  “ဧရာဝတီတိုင်း၌ မဲဆွယ်ယာဉ်တန်းလိုက်ပါသူ ၁ ဦးအပါအဝင် ၃၅ ဦး ကိုဗစ်-၁၉ ပိုးတွေ့” သတင်းနှင့် ပတ်သက်၍ အမှားပြင်ဆင်အပ်ပါသည်။ 

အထက်ပါသတင်းတွင်    “ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အောက်တိုဘာ ၂ ရက်နဲ့ ၃ ရက်နေ့တွေက  အန်အယ်လ်ဒီပါတီရဲ့ မဲဆွယ်ယာဉ်တန်းလိုက်ပါခဲ့သူ အမျိုးသား ၁ ဦးအပါအဝင် စုစုပေါင်း ၃၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့တယ်” ဟုအစား “ဧရာဝတီတိုင်းမှာ  အန်အယ်လ်ဒီပါတီရဲ့ မဲဆွယ်ယာဉ်တန်းလိုက်ပါခဲ့သူ  အမျိုးသား ၁ ဦးအပါအဝင် အောက်တိုဘာ ၂ ရက်နဲ့ ၃ ရက်နေ့က စုစုပေါင်း ၃၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့တယ်”ဟု ပြင်ဆင်ဖတ်ရှုပေးပါရန် အနူးအညွတ်မေတ္တာရပ်ခံပါသည်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013