
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ပလောတပို့(မိုးပြာ) စစ်ရှောင်စခန်းမှာ မိုးကာလ အမိုးအကာနဲ့ စားသောက်ရေး မလုံလောက်တဲ့အတွက် ကလေး၊ လူကြီး အားလုံးနီးပါး ဖျားနာပြီး နေထိုင်မကောင်း ဖြစ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
မြဝတီမြို့တောင်ဘက်၊ ဖလူးကျေးရွာနဲ့ မင်းလက်ပံကျေးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့နားက ပလောတပို့(မိုးပြာ) စစ်ရှောင်စခန်းမှာ လေးကေ့ကော် အပါအဝင် ကျေးရွာ ၁၀ ရွာကျော်က လူကြီး ၃,၈၀၀ ကျော်နဲ့ ကလေး ၃၅၀ ကျော် ခိုလှုံနေပါတယ်။
လက်ရှိမှာ မိုးကာလ အမိုးအကာ မလုံလောက်တဲ့အပြင် စားသောက်ရေး မလုံလောက်တာကြောင့် အားနည်းပြီး ကလေး၊ လူကြီး အားလုံးနီးပါး ဖျားနာပြီး နေထိုင်မကောင်းတာတွေ ဖြစ်ပေါ်နေပါတယ်။
စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “ငှက်ဖျားတွေ၊ အဖျားအနာ ရောဂါတွေကတော့ မိုးတွင်းဆိုတော့ ထုံးစံအတိုင်းပေါ့။ ကလေးတွေက ထုံးစံအတိုင်း ဒီရာသီရောက်လို့ရှိရင်တော့ ရာသီဖျားတော့ ဖျားကျတာပဲ။ လူတိုင်းနီးပါး ဖျားတယ်။ နှစ်တိုင်းလို ဖြစ်နေပြီ။ အဓိက,ကတော့ အမိုးအကာ မလုံလောက်တော့ အဝတ်အစား မလုံလောက်တာ၊ အဝတ်အစားတွေက ရေစိုပြီးတော့ ပြန်ပြီးတော့ မခြောက်ဘူး၊ လဲစရာကလည်း မရှိဘူး။ အဲဒီလိုမျိုးတွေကတော့ ရှိတာပေါ့။ နောက် အစားအသောက်ကလည်း ဆင်းရဲတယ်ဆိုတော့ လူတွေက ဘယ်လိုခေါ်မလဲ Weak(အားနည်း)နေတော့ ရောဂါကလည်း ဝင်လွယ်တယ်။ အဲလိုမျိုးဖြစ်နေတာ” လို့ ပြောပါတယ်။
လက်ရှိမှာ စစ်ရှောင်စခန်းက နေထိုင်မကောင်းသူတွေကို မဲဆောက်မြို့အခြေစိုက် မယ်တော်ဆေးခန်းက ကျန်းမာရေးဝန်ထမ်းတွေက ဆေးဝါးကုသမှုတွေ ပေးနေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
အလားတူ သေ့ဘောဘိုး စစ်ရှောင်စခန်းမှာလည်း ကလေး၊ လူကြီး ဖျားနာတာ၊ ဝမ်းရောဂါ ဖြစ်ပွားတာတွေ ရှိနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
စစ်ရှောင်တယောက်က “ကလေးတွေက နှာစေး၊ ချောင်းဆိုး၊ တချို့တွေက ဝမ်းသွား အဲလိုမျိုးတွေ ရှိတာပေါ့။ အခု တော်တော်များများ ကလေးတွေ နေထိုင်မကောင်းဖြစ်တယ်။ ကလေးတွေကော လူကြီးတွေကော။ မိုးတွင်းရောက်လာပြီဆိုတော့ ခြင်တွေက ပေါတယ်။ ဒီမှာက ခြင်လည်းပေါတယ်။ ယင်လည်းပေါတယ်။ လက်ရှိမှာ ခြင်နဲ့ ယင်က တော်တော်များတယ်။ အခုက သရက်သီးပေါ်ချိန်လည်း ဖြစ်တယ်။ ပိန္နဲသီးတို့ပေါ်တော့ ယင်နားတဲ့ အစားတွေ၊ ယင်လည်း များတယ်။ (ကလေးတွေက ဘာကြောင့်ဖျားလဲဆိုတော့) ရာသီဥတု အပြောင်းအလဲကြောင့်လား မသိဘူး။ နေထိုင်မကောင်းရင် ရပ်ကွက်ဆေးခန်းတွေမှာ သွားရတယ်။ ဆေးတွေ ဘာတွေ သောက်ရရင်တော့ သက်သာပါတယ်” လို့ ပြောပါတယ်။
မတ် ၃၁ ရက်က စတင်ပြီး ဝေါလေဗျူဟာကုန်းကို KNLA ပူးပေါင်းစစ်ကြောင်းတွေက ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်နေတာကြောင့် ဝေါလေဗျူဟာမကျရေး စစ်တပ်ဘက်က နေ့ ည လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲ တိုက်ခိုက်တာ၊ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် ဝေါလေ၊ ထီးသဲလယ်ကျေးရွာ အပါအဝင် အနီးအနားကျေးရွာက ဒေသခံပြည်သူတွေဟာ သေ့ဘောဘိုးစစ်ရှောင်စခန်း၊ သောင်းရင်းမြစ်ကမ်းတလျှောက်နဲ့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။










