
နောက်ထပ် အမေရိကန်စစ်သည် ၃,၅၀၀ အရှေ့အလယ်ပိုင်းဒေသကို ရောက်ရှိလာချိန်မှာပဲ အီရန်နယ်မြေထဲကို ဝင်လာမဲ့ အမေရိကန်တပ်တွေကို မီးမိုးရွာဖို့ စောင့်နေတယ်လို့ အီရန်လွှတ်တော်ဥက္ကဋ္ဌက တုံ့ပြန်လိုက်ပါတယ်။
အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက်ဘာဂါကာလီဘတ်ဖ်က ရန်သူဟာ လူလုံးရှေ့မှာ ဆွေးနွေးဖို့ ပြသနေပေမဲ့ လျှို့ဝှက်ပြီးတော့ မြေပြင်တိုက်ခိုက်ဖို့ ကြံစည်နေတယ်လို့ စွပ်စွဲပါတယ်။
USS Tripoli စစ်သင်္ဘောနဲ့အတူ မရိန်းတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာတာလို့ အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ X လူမှုကွန်ရက် အကောင့်မှာ ဖော်ပြပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်ရေး စစ်တိုင်း ၁၁ တိုင်းကို ကမ္ဘာ့ပထဝီအနေအထားနဲ့ ပိုင်းထားတာဖြစ်ပြီး အလယ်ပိုင်းတိုင်းက ကမ္ဘာ့အရှေ့အလယ်ပိုင်း၊ ဗဟိုအာရှနဲ့ တောင်အာရှကို တာဝန်ယူတာ ဖြစ်ပါတယ်။
ပင်တဂွန်စစ်ရုံးချုပ်ဟာ အီရန်မှာ မြေပြင်စစ်ဆင်ရေးတွေလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာက ရေးသားပါတယ်။
ဒါပေမဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကတော့ မြေပြင်တပ်တွေ စေလွှတ်မဲ့ကိစ္စကို အတည်ပြုတာ မရှိသေးပါဘူး။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက မြေပြင်တပ်တွေ မပါဘဲ စစ်ရေးရည်မှန်းချက်တွေ ပြည့်မီနိုင်ပေမဲ့ မမျှော်မှန်းနိုင်တဲ့ အခြေအနေတွေအတွက် ပြင်ဆင်ထားရမယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့တဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အခုချိန်ထိ အီရန် အရပ်သား ၁,၅၅၁ ယောက် သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRANA) က ထုတ်ပြန်ထားပါတယ်။
Source: Reuters










