DVB Logo
Home
မြန်မာသတင်း
သီတင်းကျွတ် ကန်တော့ရန်  ပြည်သူများကျပ်တည်းခက်ခဲလာ 
DVB
·
October 24, 2026
Photo: City Mart Supermarket Myanmar
Photo: City Mart Supermarket Myanmar
Donate to DVB

သီတင်းကျွတ်ဆိုတာ မြန်မာပြည်သူအများစုရဲ့ အထွတ်အမြတ်ထားရာ ကာလဖြစ်ပြီး ရိုးရာ အစဉ်အလာအရ လူကြီးမိဘဆရာသမားတွေကို ဂါရဝပြု ကန်တော့ကြလေ့ရှိပါတယ်။

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်ကျော်ကြာလာချိန်မှာတော့  ကုန်ဈေးနှုန်းတွေ အဆမတန် ကြီးမြင့်လာနေတဲ့အတွက် သာမန်ပြည်သူတွေဟာ စီးပွားရေးအဆင်မပြေ ဆင်းရဲကျပ်တည်း နေကြပြီး  သီတင်းကျွတ် ကန်တော့ဖို့တောင် အခက်အခဲတွေ့နေရတယ်လို့ ရန်ကုန် မြို့ခံတွေက ပြောပါတယ်။  

စစ်အာဏာရှင် လက်ထက်မှာ အဆမတန်ဈေးတက်နေတဲ့ ပစ္စည်းတွေလိုပဲ သီတင်းကျွတ် ကာလအတွင်း စျေးကွက်ဝင် မုန့်မျိုးစုံကန်တော့တာတွေအပါအဝင် ကန်တော့ပစ္စည်းအမျိုးမျိုးဟာ ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် လူကြီးမိဘတွေကို ကန်တော့ဖို့ ခက်ခဲလာတယ်လို့ ရန်ကုန်မြို့ခံက ဆိုပါတယ်။ 

ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကြောင့် နေ့စဉ်စားဝတ်နေရေးအတွက် အသုံးစရိတ်တွေကို ချိန်ဆ နေရချိန်မှာ သီတင်းကျွတ်ကာလအတွက် လူကြီးမိဘတွေကို ကန်တော့ဖို့ လက်ဆောင်အတွက် အသုံးစရိတ်တွေကို ချင့်ချိန်နေကြရတယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်မြို့နေ လူလတ်ပိုင်းအရွယ်အမျိုးသားတယောက်က “အနည်းဆုံး ဝယ်မယ်ဆိုရင် မုန့်ပုံးက အစ ကျပ် ၃၀,၀၀၀၊  ၄၀,၀၀၀ ကနေ စဖြစ်သွားပြီ။  ၁၀,၀၀၀၊   ၂၀,၀၀၀ က ဘာမှဝယ် မရတော့ဘူး။ ၁၀,၀၀၀ တန်ဆိုတာ အထုပ်သေးသေးလေး တထုပ်ပဲ ရတော့မယ်။ ပုဆိုးဆိုရင်လည်း  ၅၀,၀၀၀ တန်က ရိုးရိုးပုဆိုးဖြစ်နေတာ။ မထူးပါဘူးဆိုပြီး တက်ဝယ်တော့  ၈၀,၀၀၀၊ ၉၅,၀၀၀ လောက် ဖြစ်နေတာ။ မလွယ်တော့ဘူး အကုန်လုံးက တက်သွားတာ၊ အခုက အတက်ကြီးပဲ၊ ဘာမှကို မလှုပ်ရဲဘူးဖြစ်နေတာ။ အိမ်ပေါ်မှာပဲနေ ထမင်းချက်စား အဲ့ဒါပဲရမယ်။ ဘာမှကို ဝယ်လို့ မရဘူး”လို့ ပြောပါတယ်။

အသက် ၅၀ ကျော်အရွယ် အိမ်ရှင်မတယောက်ကလည်း မိဘ၊ အစ်ကိုအမတွေကို ကန်တော့ဖို့ လက်ဆောင်ပစ္စည်းနဲ့ သူ့ကို ကန်တော့ကြမဲ့ သားသမီး၊ တူ၊ တူမတွေအတွက် မုန့်ဖိုးပေးဖို့ စတာ တွေကို တွက်ချက် ချင့်ချိန်ရတယ်လို့ ဆိုပါတယ်။ 

“လက်ဆောင်ပစ္စည်းတွေ ဈေးကြီးတယ်၊ ဈေးကြီးတယ်။ မုန့်ဖိုးပေးရတာနဲ့ လမ်းစရိတ်နဲ့ သီတင်းကျွတ် တခါတခါက ထိတယ်။ ခြင်းတွေက သိန်းကျော်တယ်၊ အစားအစားပေါ့။ ခြင်းကန်တော့ရင်တော့ ဟိုးတုန်းက ၃၀,၀၀၀၊  ၄၀,၀၀၀ ဆိုရင် ရှယ်ကြီးတွေ အကြီးကြီးတွေလေ။ အခုက မရဘူး ၆၀,၀၀၀ ၊ ၇၀,၀၀၀ ၊ ၁ သိန်း ခြင်းတွေ ဖြစ်ကုန်ပြီ။ အနိမ့်ဆုံးကို မုန့်ဘူးလေးတွေက သောင်းဂဏန်း ပေးနိုင်မှ လှတာ။ ကွတ်ကီး ကြမ်းကြမ်းတောင်မှ ၇,၅၀၀ ၊ ၈,၀၀၀ ။ ကန်တော့တာတော့ ကန်တော့ကြရတာပေါ့အေ။ ဒါတော့ ကိုယ်တတ်နိုင်သလောက် ကိုယ်ပေါ့၊ ဈေးတွေကတော့ ကြီးတယ်။”

ကန်တော့ဖို့ လက်ဆောင်ပစ္စည်းအတွက် ချင့်ချိန်ရတာအပြင် ကန်တော့ခံရသူတွေအနေနဲ့လည်း မုန့်ဖိုးပြန်ပေးဖို့ကို တက်နေတဲ့ ကုန်ဈေးနှုန်းကြောင့် ကလေးငယ်တယောက်ကို မုန့်ဖိုး အနည်းဆုံး ၁၀,၀၀၀ လောက်ပေးနိုင်မှ အဆင်ပြေမလို ဖြစ်နေတာကြောင့် အရင်လို မိသားစုတွေ ဆုံပြီး ပျော်ကြရတဲ့ သီတင်းကျွတ်ကာလဟာ အခုတော့ ချိန်ဆ၊ တွက်ဆနေရတဲ့ သီတင်းကျွတ်ကာလ ဖြစ်လာနေပြီလို့ ဆိုကြပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူတွေရဲ့ဝင်ငွေကျဆင်းခဲ့ပြီး ကုန်စျေးနှုန်း မြင့်တက်ခဲ့တာကြောင့် အထွေထွေကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ 

မြတ်သဇင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013