
ပဲခူးတိုင်း၊ ကညွတ်ကွင်းမြို့နယ်၊ ခင်တန်းရပ်ကွက်မှာ ဇွန် ၁၅ ရက် နေ့လယ် ၁ နာရီလောက်က မူလတန်း ကျောင်းသား ကျောင်းသူ အမြွှာ ၂ ယောက်အပါအဝင် မောင်နှမ ၃ ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ နေ့လယ် ၂ နာရီလောက်က ခင်တန်းရပ်ကွက် တိုးချဲ့မြေသင်္ချိုင်းကုန်းအနီးက မြေတူးဖော်ထားတဲ့ ရေအိုင်လေးမှာ ၄ တန်း ကျောင်းသားကျောင်းသူ ၂ ယောက်နဲ့ ၂ တန်းကျောင်းသူတယောက် ရေနစ် သေဆုံးခဲ့တာလို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“ကျောင်းဆင်းတဲ့အချိန် အိမ်ပြန်လာရင်း ရေအိုင်တွေ့တော့ ဆင်းကူးမှာပေါ့။ ဘယ်သူမှမသိတော့ ရေနစ်သေကြတာ။ ရေနစ်သေတဲ့ ၃ ယောက်ထဲမှာ ၄ တန်းတက်နေတဲ့ ၂ ယောက်က အမြွှာ၊ ၂ တန်းတက်တဲ့ ကလေးမလေးက အငယ်ဆုံး။”
သေဆုံးသူမောင်နှမ ၃ ယောက်မှာ အသက် ၁၂ နှစ်အရွယ် ကြယ်စင်အေး၊ မောင်ကြယ်စင်အောင်နဲ့ အသက် ၇ နှစ်အရွယ် မဇွန်ပန်းဖြူတို့ ဖြစ်ကြပါတယ်။
ရေနစ်သေဆုံးသွားတဲ့ မောင်နှမ ၃ ယောက်ရဲ့ ရုပ်အလောင်းကို နာရေးကူညီမှုအသင်း (ကညွတ်ကွင်း) က ဆေးရုံမှာ ရဲစစ်ဆေးချက်ရယူပြီး နေအိမ်ကို ပြန်လည်သယ်ဆောင်လာကာ ဇွန် ၁၇ ရက်မှာ သင်္ဂြိုဟ်သွားမှာလို့ ကူညီပေးသူတယောက်က DVB ကို ပြောပါတယ်။
ကျောင်းဖွင့်ရာသီဖြစ်တဲ့အတွက် မိဘတွေအနေနဲ့ ကလေးငယ်တွေကို ဂရုစိုက်ကြဖို့ လိုအပ်တယ်လို့လည်း သတိပေးပြောပါတယ်။
မေ ၂၂ ရက်ကလည်း ပဲခူးမြို့နယ်၊ ဝါးမရမ်းကျေးရွာအုပ်စု ဆပ်ပြာကျင်းကျေးရွာအနီးရှိ ဇလပ်ထော် ရေလှောင်တမံမှာ ရေဆင်းကူးတဲ့ ကလေးငယ် ၄ ယောက် ရေနစ်သေဆုံးခဲ့ပါတယ်။










