
ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)မြို့နယ်၊ ရေပူ(မောလိုကလိုး)ကျေးရွာ ကမမောင်း-ဖာပွန် ကားလမ်းမကြီးရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်မှာ စစ်အာဏာရှင် စစ်ကြောင်းတွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန် နေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ပဒိုစောရော်ဘင်က ပြောပါတယ်။
မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူဟာကျတဲ့ ဖာပွန်ဗျူဟာနဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး စစ်တပ်က နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ လူအင်အား ၂,၀၀၀ နီးပါးနဲ့ စစ်ကြောင်းထိုး နေတာကြောင့် ဖာပွန်နဲ့ မိုင် ၄၀ လောက်အကွာမှာ မေ ၂၁ ရက် မနက် ၉ နာရီလောက်က ကြားဖြတ် တိုက်ခိုက်ခံနေရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဘက်က တပ်ခွဲမှူးတယောက် ကျဆုံးပြီး BGF တပ်ဖွဲ့ဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရရှိကာ အထိနာခဲ့တာကြောင့် အိမ်ခြေ ၇၀ လောက်ရှိတဲ့ ဝါးသိုထကျေးရွာ ကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။
တပ်မဟာ ၅၊ မူတြော်ခရိုင် (ပြောခွင့်ရ) ပဒိုစောရော်ဘင်က “စကစ စစ်ကြောင်းဘက်က ထိခိုက် ဒဏ်ရာရှိတဲ့အခါကျတော့ ဒီနေ့ မွန်းလွဲ ၁ နာရီမှာ ရေပူ (မောလိုကလိုး) ရဲ့ အရှေ့ဘက်က ဝါးသိုထရွာ တရွာလုံးကို မီးရှို့လိုက်တယ်။ အိမ်ခြေ ၇၀ ဝန်းကျင်လောက်ရှိတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ စစ်အာဏာရှင် စစ်ကြောင်းတွေဟာ ဝါးသိုထကျေးရွာနဲ့ ရေပူ(မောလိုကလိုး)ရဲ့ အရှေ့ဘက် နေရာတခုကနေ ရှေ့တိုးမရဘဲ ကြားဖြတ်တိုက်ခိုက်ခံနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မေ ၂၀ ရက် ည ၁၀ နာရီလောက်ကလည်း စစ်အာဏာရှင်စစ်ကြောင်းက မဲကုလား ကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ အမျိုးသားတယောက် ဦးခေါင်း ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တွေလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။










