Home မြန်မာသတင်း ကုန်တင်ကားများ ယာဉ်မောင်းလဲပြီးမှ ကချင်ပြည်နယ်အတွင်း ဝင်ခွင့်ပြုမည်
ကုန်တင်ကားများ ယာဉ်မောင်းလဲပြီးမှ ကချင်ပြည်နယ်အတွင်း ဝင်ခွင့်ပြုမည်
ProboxcAr ကချင်ပြည်နယ် ပြင်ပကလာတဲ့ ကုန်တင်ကားတွေကို အောက်တိုဘာ ၂ ရက်ကစပြီး မြစ်ကြီးနားမြို့အတွင်း တိုက်ရိုက်ဝင်ခွင့် မပြုတော့ဘဲ ၂၁ မိုင်ဂိတ်မှာ ယာဉ်မောင်းလဲပြီးမှ ပေးဝင်တော့မယ်လို့ မြစ်ကြီးနားခရိုင် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်ရေးကော်မတီထံက သိရပါတယ်။
မြစ်ကြီးနားခရိုင် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်ရေး ခရိုင်ကော်မတီဝင် ဦးရင်မောင်က “အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားချက်အရ ပြည်နယ်ပြင်ပကလာတဲ့ ကုန်ပစ္စည်း သယ်လာတဲ့ ကားတွေကို ရပ်ခိုင်းပြီး ဆေးဖြန်းမယ်၊ ၁ နာရီကြာမှ မြစ်ကြီးနားက ဒရိုင်ဘာက လာယူရမယ်။ ပြည်နယ် ပြင်ပ ယာဉ်မောင်းတွေကို အဝင်မခံဘူး၊ ကုန်ပဲအဝင်ခံမှာ ဖြစ်တယ်” လို့ ပြောပါတယ်။
ဒီအစီအစဉ်ကို အောက်တိုဘာ ၁ ရက်ကစဖို့ စီစဉ်ထားပေမယ့် ကားရပ်ရမယ့်နေရာ အဆောက်အအုံ၊ နားနေဆောင်နဲ့ သန့်စင်ခန်းတွေ လက်စသတ်ဖို့ ကျန်ရှိနေတဲ့အတွက် ဒီကနေ့ အောက်တိုဘာ ၂ ရက် မနက်ပိုင်းမှ စတင်လုပ်ဆောင်မှာ ဖြစ်ပါတယ်။
သတင်း - ထူးထူး