
တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနဟာ ကိုရီးယား ၂ နိုင်ငံကြားရှိ မြေပြင်နယ်နိမိတ် တည်နေရာ အတိအကျကို သဘောတူညီမှုရယူဖို့နဲ့ မတော်တဆ ပဋိပက္ခတွေ ဖြစ်ပွားနိုင်ခြေကို တားဆီးနိုင်ဖို့အတွက် မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ အောက်တိုဘာ ၂၃ ရက်မှာ ထပ်မံ အဆိုပြုလိုက်ပါတယ်။
ဒီကမ်းလှမ်းမှုကို အမျိုးသားကာကွယ်ရေး မူဝါဒဆိုင်ရာ ဒုတိယဝန်ကြီး ဂင်မ်ဟုန်းချောလ်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး၊ လွန်ခဲ့တဲ့လက စစ်မဲ့ဇုန် (DMZ) အတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားကာ တောင်ကိုရီးယားစစ်သားတွေ ဒဏ်ရာရရှိခဲ့ပြီးနောက် အခုလို ကမ်းလှမ်းချက် ထွက်ပေါ်လာတာပါ။
ပြီးခဲ့တဲ့နှစ်တွေအတွင်း မြောက်ကိုရီးယားစစ်တပ်ဟာ ၂ နိုင်ငံစလုံးကို ပိုင်းခြားထားတဲ့ စစ်ရေးနယ်နိမိတ်မျဉ်း (MDL) အနီးမှာ ဗျူဟာမြောက်လမ်းတွေ၊ ခြံစည်းရိုးတွေဆောက်လုပ်ပြီး မိုင်းတွေ ထောင်ထားခဲ့ကြပါတယ်။
အဲဒီလိုလုပ်ဆောင်ရင်း မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ နယ်နိမိတ်မျဉ်းကို ကျော်လွန်ဝင်ရောက် ခဲ့ကြတယ်လို့ ဂင်မ်ဟုန်းချောလ်က ပြောပါတယ်။
ဒါ့အပြင် စစ်ရေးနယ်နိမိတ်မျဉ်းတအချို့ရဲ့ တည်နေရာနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးကြား သဘောထားနဲ့ နားလည်မှု ကွဲလွဲချက်တွေ ရှိနေသေးကြောင်း၊ အထူးအစီအမံ တခုခု မလုပ်ဆောင် ထားဘူးဆိုရင် နှစ်ဖက်စစ်တပ်တွေဟာ သူတို့အယူအဆအတိုင်း ဆက်လက် လှုပ်ရှားကြမှာဖြစ်လို့ မတော်တဆ ပဋိပက္ခတွေ ဖြစ်ပွားနိုင်ခြေ ပိုမြင့်လာနိုင်တယ်လို့လည်း သူက သတိပေးပြော ပါတယ်။
ဒီနယ်နိမိတ်မျဉ်း သတ်မှတ်ချက်အပေါ် သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ကတည်းက တောင်ကိုရီးယားဘက်က ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ပြုံယန်းဘက်ကတော့ အကြောင်း မပြန်သေးပါဘူး။
Source: Reuters











