DVB Logo
Home
မြန်မာသတင်း
မကွေးမြို့တွင် သတင်းထောက် ၉ ဦး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်ခံရ
DVB
·
October 1, 2020
မကွေးမြို့တွင် သတင်းထောက် ၉ ဦး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်ခံရ
1 / 2
Donate to DVB

ဒီဗွီဘီ CJ သတင်းထောက်အပါအဝင် သတင်းဌာနအသီးသီးက သတင်းထောက် ၉ ဦးကို အထက်မြန်မာပြည် စောင့်ကြည့်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်သိန်းက မကွေးတိုင်းဒေသကြီး အမှတ်(၂) မကွေးနယ်မြေရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်လိုက်ပါတယ်။

အမှုဖွင့်ခံရတဲ့သတင်းထောက်တွေကို စက်တင်ဘာ ၃၀ ရက် ညနေ ၄ နာရီမှာ  ရဲစခန်းက ခေါ်ယူခဲ့ပြီး  ကျပ် ၅၀၀၀၀ တန် ခံဝန်သူ ၂ ဦးစီနဲ့ အာမခံပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့လက မကွေးမြို့မှာ ဂရန်အတုကိစ္စ သတင်းစာရှင်းလင်းပွဲပြုလုပ်တာနဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်မှာ ဦးခင်မောင်သိန်း အကောင့်ကနေ “မကွေးသတင်းထောက်တွေ အကုန်လုံးသိတယ်။ သတင်းမဖြစ်ဘူးတဲ့။ ဘယ်ဖြစ်မလဲ ပေါင်းစားနေကြတယ်လို့မြင်တယ်” ဆိုပြီးရေးတင်ခဲ့တာနဲ့ ပတ်သက်လို့ ဦးအောင်သိန်းလင်း (သတင်းထောက်နေခြည်)က ဦးခင်မောင်သိန်းကို စက်တင်ဘာ ၂၂ ရက်နေ့က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ အရင် စတင်အမှု ဖွင့်ခဲ့တာပါ။

မကွေးတိုင်းသတင်းစာဆရာအသင်း ဥက္ကဋ္ဌ သတင်းထောက်နေခြည်က “သတင်းစာရှင်းလင်း ပွဲတက်ရောက်သူတွေရော၊ မတက်ရောက်ဖြစ်တဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ သတင်းထောက်တွေ ကိုရော သိမ်းကျုံး စော်ကားလိုက်တာ၊ ၉ ယောက်ရဲ့ကိုယ်စားပြု တရားလိုလုပ်ပြီး အမှုဖွင့်ထားတာ” လို့ ပြောပါတယ်။ 

သတင်းသမားတွေဘက်ကအမှုစဖွင့်ခဲ့တဲ့အပြင် MGY ONLINE MEDIA မှာ NaGyi အကောင့်ကနေ ဦးခင်မောင်သိန်း အမည်တပ်ပြီး တစ်ပတ်အတွင်း တောင်းပန်ပါလို့ သတင်းထောက် ၉ ဦးက လူမှုကွန်ရက်မှာ ပြန်တင်ခဲ့တဲ့အတွက်  ဦးခင်မောင်သိန်းကလည်း မကျေနပ်လို့  စက်တင်လာ ၂၃ ရက်နေ့မှာ ပြန်လည်အမှုဖွင့်တာ ဖြစ်ပါတယ်။

အထက်မြန်မာပြည်စောင့်ကြည့်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးခင်မောင်သိန်းက “ဂရန်အတုကိစ္စသတင်းကို  ဒီဗွီဘီက ကလွှင့်ခဲ့တော့ သတင်းမဖြစ်ဘူးပြောတဲ့ မီဒီယာတွေကို ပေါင်းစားတယ်လို့ မြင်တယ်လို့ ရေးလိုက်တာကို မရေးသင့်ဘူး။ မှားနေတယ် ထင်ရင် သတင်းစာဆရာအသင်း ဥက္ကဋ္ဌ တစ်ဦးအနေနဲ့ လူချင်းတွေ့ဆုံပြီးဖြစ်ဖြစ် ဖုန်းနဲ့ဖြစ်ဖြစ် ပြန်ဖြုတ်ပေးဖို့ပြောလို့ရတာကို ကျနော့်ကိုရော အဖွဲ့ကိုရော သိက္ခာကျအောင် လိုင်းပါ်တင်ပြီး တစ်ပတ်အတွင်း တောင်းပန်ရန်လို့ရေးလို့ အမှုဖွင့်တာ” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝါရင့်သတင်းထောက် ဦးနိုင်ယုဝေက “ခုလိုဖြစ်တာ သတင်းလောက မှာတော့ ဂုဏ်သိက္ခာပိုင်းမှာတော့မကောင်းဘူးလို့မြင်တယ်။ သတင်းဆိုတာက နှစ်ဖက်အသံ ပါအောင် ရေးရသလို နှစ်ဘက်မြင်ရပါတယ်၊ ကိုယ့်ရဲ့ခံစားမှုမျိုး ရှေ့တန်းတင်ပြီး ပြဿနာ လုပ်တာမျိုးကိုတော့ မလိုလားဘူး”လို့  ပြောပါတယ်။

အမှုဖွင့်ခံရတဲ့ သတင်းထောက် ၉ ဦးကို အာမခံပေးထားတဲ့ အကြောင်းနဲ့ သတင်းထောက် နေခြည်ရဲ့ တယ်လီဖုန်းကိုတော့ သက်သေအဖြစ်သိမ်းထားပြီး စီအိုင်ဒီထံပို့ဖို့ စီစဉ်နေတယ်လို့ မကွေးရဲစခန်းက အမှုစစ် အရာရှိ ဒုရဲအုပ်မင်းအောင်က ဒီဗွီဘီကို  ပြောပါတယ်။ 

“ကျနော့်ရဲ့ လုပ်ငန်းတွေ အကုန်လုံးကတော့ ပြည့်စုံပြီးပြီး။ နှစ်ဘက်စလုံးကို တရားခံဖမ်းပြီးပြီ။ ခံဝန်ပေးပြီးပြီး။ သက်သေခံပစ္စည်းသိမ်းပြီးပြီ။ သက်သေတွေအားလုံး စစ်ပြီးပြီ။ ဒီဖုန်း ၂ ခုကို ချိတ်ပိတ်ပြီးတော့မှ နေပြည်တော်ကို စီအိုင်ဒီကို ပို့ပြီး မေးဖို့ တစ်ခုပဲကျန်တယ်။ အကုန်လုံး ရဲလုပ်ငန်းတွေ အားလုံးက ပြည့်စုံပြီးသွားပြီ”

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲထားတာဖြစ်လို့  ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်လိုအပ်တဲ့အကြောင်း ဒီအမှုကိစ္စ နေပြည်တော်ကိုသွားရမှာ ဖြစ်ပြီး လက်ရှိကိုဗစ်ကာလဖြစ်လို့ ခရီးသွားဖို့ အခက်အခဲရှိနေကာ အမှုအချိန်ကြာနိုင်တယ်လို့လည်း ရဲအရာရှိက ပြောပါတယ်။

​သတင်း - ဘဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013