
အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတိုင်းမှာ သီဆိုလေ့ရှိတဲ့ သွေးသစ္စာ (အရေးကြီးပြီ) တော်လှန်ရေး သီချင်းကို စစ်တပ်က ကူးယူကာ ဖြည့်စွက်ပြင်ဆင်ပြီး ထုတ်လွှင့်တာဟာ ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ အရှက်မဲ့တဲ့ ဝါဒဖြန့်ချိမှုဖြစ်ကြောင်း ဝေဖန်ခံနေရပါတယ်။
အဆိုတော် မွန်းအောင် သီဆိုထားပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ ဂီတပညာရှင် ထူးအိမ်သင် ရေးဖွဲ့ခဲ့တဲ့ သွေးသစ္စာ (အရေးကြီးပြီ) လို့ အမည်ရတဲ့ တေးသီချင်းကို မူရင်းစာသားတွေ ပြောင်းလဲပြီး စစ်ချီတေးတပုဒ်အဖြစ် စစ်တပ်ပိုင် မြဝတီရုပ်သံကနေ ပုံဖော်ထုတ်လွှင့်ခဲ့မှုနဲ့ပတ်သက်လို့ လူထုကြားမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။
ဒီသီချင်းကိုတော့ ၁၉၈၉ ခုနှစ်မှာ ဂီတပညာရှင် ထူးအိမ်သင်က တောတွင်းတနေရာမှာ ရေးသားခဲ့ပြီးတော့ အဆိုတော် မွန်းအောင်က ၁၉၉၁ ခုနှစ်မှာ အသံသွင်းခဲ့တာဖြစ်ကာ ဒီကနေ့ခေတ်ထိ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေတိုင်း မပါမဖြစ်နဲ့ စိတ်အားတက်ကြွဖွယ် သီချင်းအဖြစ်လည်း လူသိများ ထင်ရှားပါတယ်။
တယောဖိုးစံက “ဒီ သွေးသစ္စာ သီချင်းက ကျနော်တို့ တော်လှန်ရေးရဲ့ အသည်းနှလုံး၊ လူထုရဲ့ အသည်းနှလုံး ဖြစ်ပါတယ်။ ဒါ တရားဝင် ဗြောင်လိမ် ဗြောင်စား လုပ်ပြီး အရှက်မရှိလုပ်တဲ့ စစ်အုပ်စုရဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီတခေါက်မှ မဟုတ်ဘူး၊ အရင်ကလည်း ကျနော်တို့အဖွဲ့ရဲ့ သီချင်းတပုဒ်ကိုလည်း သူတို့က သူတို့စာသားတွေ ပြောင်းပြီးတော့ ခိုးခဲ့ဖူးပါတယ်။ ဉာဏ မူပိုင်ခွင့် ကိစ္စတွေ၊ ဒါတွေလည်း သူတို့က ဂရုစိုက်တာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မူလကတည်းက အရှက်သိက္ခာမဲ့တဲ့ လုပ်ရပ်ကို လုပ်တာ။ ပြောရရင် စစ်အုပ်စုမှာ ဒီ လူထုရဲ့ နှလုံးသားကို ယိုဖိတ်ပြီး ချုပ်ကိုင်နိုင်မဲ့ အနုပညာ ယဉ်ကျေးမှုမျိုး သူတို့မှာ မရှိပါဘူး။ မရှိတဲ့အတွက် နဂို ရှိပြီးသား ကျနော်တို့ လူထုရဲ့ အသည်းနှလုံးကို သိမ်းပိုက်ထားပြီးသား သီချင်းတွေကို သူတို့ရဲ့သီချင်းလို ဖြစ်သယောင် ပုံမှားရိုက်ပြီး ဝါဒဖြန့် အရှက်မဲ့စွာ လုပ်နေတဲ့ ကိစ္စလို့ပဲ မြင်ပါတယ်” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ ဝါဒဖြန့် TV ချန်နယ်တွေမှာ ထုတ်လွှင့်ခဲ့တဲ့ “စစ်သားသွေးနီ ရှေ့သို့ချီ” လို့ အမည်ပြောင်းထားတဲ့ ဒီသီချင်းကိုတော့ မူရင်းက ၁၉၆၀ ခုနှစ်တွေမှာ ဇာနည်စစ်သွေးက ရေးသားခဲ့တဲ့ သီချင်းဖြစ်တယ်ဆိုပြီး ခိုင်လုံတဲ့ အထောက်အထားမရှိဘဲ ဝါဒဖြန့်နေပါတယ်။ အခုထုတ်လွှင့်မှုမှာတော့ ရွှေသံစဉ် ဦးဝင်းမော်က ပြန်လည်ရေးသားပြီး မေဂျွန်က သီဆိုထားတယ်လို့လည်း ဆိုပါတယ်။
စစ်အုပ်စုက နှစ်ပေါင်း ၆၀ ကြာအောင် မူရင်း တေးရေးဖန်တီးသူ ကိစ္စမှာ ထုတ်ဖော်ပြောဆိုတာမျိုး မရှိဘဲ အာဏာသိမ်းပြီး ၅ နှစ်ကျော်ကြာမှ အခုလို မူရင်းစစ်ချီတေးတပုဒ် ဖြစ်တယ်ဆိုပြီး ဝါဒဖြန့်တာလည်း ဖြစ်ပါတယ်။
တပ်မတော်နည်းပညာကောလိပ် ကျောင်းသားဟောင်းတယောက်ကတော့ သွေးသစ္စာ သီချင်းကို စစ်ချီတေးသီချင်းအဖြစ် တခါမှ မကြားခဲ့ဖူးကြောင်း DVB ကို ပြောပါတယ်။
“ကျနော်တို့ စာသင်ဆောင်တွေ သွားမယ်၊ တန်းစီတွေ သွားမယ်ဆိုရင် ကျနော်တို့ စစ်ချီသီချင်းတွေ အမြဲတမ်း ဆိုရပါတယ်ဗျာ။ အဲဒီထဲမှာလည်း အခု ပြဿနာဖြစ်နေတဲ့ သီချင်း မပါဘူးဗျာ။ တကယ်လို့သာ သူတို့ပြောသလို ၁၉၆၀ လောက်ကတည်းက ဒီသီချင်းက ရှိခဲ့တယ်ဆိုရင် ကျနော်တို့ တချိန်မှာ ဆိုခဲ့ရမယ်ဗျာ။ မရှိခဲ့ဘူး ဒီသီချင်းကလေ။ အခုမှသာ ကမန်းကတန်း ကောက်ပြီးတော့မှဗျာ ဝင်းမော် ရွှေသံစဉ်တို့က ထလုပ်တာ ဒီကိစ္စကြီးက။ တော်တော် အရုပ်ဆိုးတယ်ဗျာ။ ပြီးတော့ အံ့လည်း အံ့ဩတယ်ဗျာ။ ဒီလူတွေရဲ့ မျက်နှာပြောင်တိုက်မှုကိုလေ။ မူရင်းဖန်တီးသူရဲ့ သဘောတူညီချက် မပါဘဲနဲ့ စာသားတွေ ပြောင်းခဲ့တယ်။ ပြီးတော့ သီချင်းရဲ့ မူလရည်ရွယ်ချက်၊ သီချင်းရဲ့ အနှစ်သာရအပေါ်မှာ လေးစားမှု မရှိတာတွေကတော့ လက်ခံနိုင်စရာ မရှိတဲ့ ကျင့်ဝတ် ဖောက်ဖျက်မှုလို့ပဲ ကျနော်တို့ကတော့ မြင်တယ်။ အဆိုးဆုံးကတော့ဗျာ ကိုငှက်ကိုတောင် သူခိုးလို့ ပြန်စွပ်စွဲတဲ့ကိစ္စပေါ့။ နောက်ပြီးတော့ ဒီသီချင်းက ကိုမွန်းအောင်တို့ ကိုငှက်တို့မှာပဲ တာဝန်ရှိတာ မဟုတ်ဘူး၊ ကျနော်တို့အားလုံးမှာလည်း ဒီသီချင်းကို ကာကွယ်ဖို့ တာဝန်ရှိတယ်ဗျ။”
သွေးသစ္စာ (အရေးကြီးပြီ) သီချင်းက ဒီမိုကရေစီအရေး လှုပ်ရှားမှုတိုင်းမှာ ပါဝင်ခဲ့တာကြောင့် စစ်တပ်က ပိတ်ပင်ထားခဲ့တဲ့ သီချင်းကို အခုလို ကူးယူပြင်ဆင်ဖြည့်စွက်ပြီး စစ်ချီတေးအဖြစ် ပြောင်းလဲထုတ်လွှင့်တဲ့ အပေါ်မှာလည်း တပ်ထောက်ခံသူတွေကြားမှာပါ ဝေဖန်မှုတွေ ပြင်းထန်နေပါတယ်။
မူရင်းအဆိုရှင် အဆိုတော် မွန်းအောင်ကတော့ ဒီသီချင်းရဲ့ စာသားတွေက ထူးအိမ်သင် ကိုယ်တိုင် သူ့ဘေးနားမှာ ထိုင်ရေးခဲ့တဲ့ စာသားတွေဖြစ်ပြီး စစ်တပ်က ခိုးယူကာ ဖြတ်ညှပ်ဖြည့်စွက်ပြီး အမြတ်ထုတ်တာလို့ ဝေဖန် ပြောဆိုထားပါတယ်။










