
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မှာ စက်တင်ဘာလ ၃၀ ရက်က ဆရာဝန် တစ်ယောက်နဲ့ ကျန်းမာရေးဝန်ထမ်း နှစ်ယောက်အပါအဝင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ ၅၆ ယောက် ထပ်မံ တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ကိုဗစ်-၁၉ ကူးစက်ခံရသူသစ် ၅၆ ယောက်ဟာ ကွာရန်တင်းစင်တာတွေမှာ အသွားအလာ ကန့်သတ်ထားရသူတွေဖြစ်ပြီး အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့လို့ ဓာတ်ခွဲနမူနာ ၆၆ ခုကိုရယူ စစ်ဆေးခဲ့ရာကနေ ရောဂါပိုးတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေကတော့ ကျေးရွာ ငါးဒိုင်တွေမှာ အလုပ်လုပ်ကိုင်နေသူတွေ၊ မအူပင်မြို့ပေါ်မှာ နေထိုင်သူတွေ၊ ဆရာဝန် တစ်ယောက်နဲ့ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းနှစ်ယောက် အပါအဝင် အတည်ပြုလူနာပေါင်း ၅၆ ယောက် ရှိတယ်လို့ မအူပင်မြို့ခရိုင် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက သိရတယ်။
မအူပင်မြို့မှာ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၈၈ ယောက် ရှိတယ်လို့ သိရပါတယ်။
သတင်း- ထူးထူး










