
တောင်တရုတ်ပင်လယ်ရေပြင်မှာ ဇူလိုင် ၂၀ ရက်က သင်္ဘောတွေကြား ထိပ်တိုက်တွေ့မှုတခု အပြီးမှာ တရုတ်နဲ့ ဖိလစ်ပိုင်တို့ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။
ဖိလစ်ပိုင်အစိုးရက သူ့ရေတပ်သားတယောက် ဦးခေါင်းကို ရိုက်နှက်ခံရတယ်လို့ ပြောပြီး တရုတ် ပြည်မကြီးအစိုးရကတော့ ဖိလစ်ပိုင်က ဖြစ်ရပ်ကို လှုံ့ဆော်ပေးတာလို့ ပြောခဲ့ပါတယ်။
ဇူလိုင် ၂၀ ရက်က Second Thomas ရေတိမ်သောင်ခုံနားမှာ ရေတပ် ရာဘာလှေတစင်း ပျက်စီး သွားတဲ့ ထိပ်တိုက်တွေ့မှုတခုအတွင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေက ဖိလစ်ပိုင် ရေတပ် ဝန်ထမ်းတယောက်ရဲ့ ဦးခေါင်းကို သစ်သားတုတ်နဲ့ ရန်လိုတကြီး ရိုက်နှက်ခဲ့တယ်လို့ ဖိလစ်ပိုင်က ပြောပါတယ်။
တရုတ်ကမ်းခြေစောင့်တပ်က လူ ၈ ယောက်ပါတဲ့ မာကျောတဲ့ ကိုယ်ထည်ရှိတဲ့ လေမှုတ် လှေတစင်းဟာ Second Thomas ရေတိမ်သောင်ခုံမှာ ကျောက်ချထားတဲ့ ဖိလစ်ပိုင် စစ်သင်္ဘောနားကို ချဉ်းကပ်လာပြီး ဓာတ်ပုံတွေ ဗီဒီယိုတွေ ရိုက်ကူးခဲ့တယ်လို့ ဖိလစ်ပိုင် လက်နက်ကိုင်တပ်ဖွဲ့ (AFP) က ပြောပါတယ်။
ဖိလစ်ပိုင်ရေတပ်သင်္ဘော ၂ စင်းက တရုတ်သင်္ဘောကို မောင်းထုတ်ဖို့ လာချိန်မှာတော့ တရုတ် တပ်ဖွဲ့ဝင်တွေက ဖိလစ်ပိုင် ရေတပ်သားတွေကို သစ်သားတုတ်နဲ့ အပြင်းအထန် ရိုက်နှက် တုံ့ပြန် ခဲ့တယ်လို့ ပြောပါတယ်။
Source: Reuters











