
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာအုပ်စုထဲက ကျေးရွာ ၃ ရွာမှာ ပါတီတွေ မဲဆွယ်စည်းရုံးခွင့်ပြုရင် ကျေးရွာက ဒဏ်ငွေကျပ် ၁၀ သိန်း ပေးဆောင်ရမယ်ဆိုတဲ့ သတိ ပေးစာရရှိတာကြောင့် တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)က လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်ထံ စက်တင်ဘာလ ၂၆ က တိုင်ကြားထားပါတယ်။
မဲဆွယ်စည်းရုံးခွင့်မပြုဖို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တပ်ဖွဲ့က တားမြစ်တာလို့ ပန်ကေတုကျေးရွာအုပ်စုစာရေး စိုင်းလိန်က ကျေးရွာဥက္ကဋ္ဌတွေထံ ပေးပို့တဲ့ စာမှာ ဖော်ပြထားပါတယ်။
လွိုင်လင်ခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးကတော့ “ဒါက ပါတီချင်းဖြစ်တာမျိုး မဟုတ်ဘဲ လက်နက်ကိုင်တပ်ဖွဲ့ပါဝင်တာကြောင့် ကျနော်တို့စေ့စပ်ညှိနှိုင်းဖျန်ဖြေလို့ ထိရောက်မှာ မဟုတ်ဘူး။ ဒါကြောင့် ပြည်နယ်ကိုပဲတင်ပြထားပါတယ်။ တိုင်ကြားပါအချက်အလက် မှန်မှန် ကျနော်တို့ကွင်းဆင်းစစ်ဆေးကြည့်ရှုလို့လည်း အဆင်မပြေလို့ပါ။ အစိုးရလမ်း ကြောင်း၊NCA လမ်းကြောင်းကနေပဲသွားတာကောင်းတယ်” လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး RCSS ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး အုမ်ခေးကို မေးကြည့်တဲ့ အခါမှာတော့ "မဟုတ်လို့ ဘာမှဖြေရှင်းစရာမရှိဘူး။ ရှမ်းနဲ့ပလောင်ကို ရန်တိုက်ပေးနေတာ" လို့ မက်ဆေ့ချ်ပေးပို့ ပါတယ်။
ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေးကော်မတီ JMC Shan State) က အရပ်သားကိုယ်စားလှယ်တဦးကို မေးကြည့်တဲ့အခါ "တိုင်စာတော့ ကျနော့ဆီမရောက်သေးပါဘူး။ များသောအားဖြင့် အထောက်အထားအစုံအလင်မပါရင် ဖြေရှင်းရခက်ခဲပါတယ်။ တဖက်ကိုတဖက်စွပ်စွဲနေတာက အချက်အလက်ခိုင်မာရင် အရေးမကြီးဘူး။ ခံစားချက်တွေနဲ့ စွပ်စွဲကြရင် ပဋိပက္ခ ပိုကြီးထွားစေပါတယ်" လို့ ကိုပြောပါတယ်။
ရှမ်းတောင်အရပ်ဖက်အဖွဲ့အစည်းများဖိုရမ်ကော်မတီက ကိုဝင့်ထည်ကောင်းမြတ် ကတော့ ဒီပြဿနာမျိုးဖြစ်လာရင် ရွေးကောက်ပွဲကကော်မရှင်က သေချာပေါက်ဖြေရှင်းပေးရမယ့်တာဝန် ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆိုင်းဘုတ်တွေဖျက်ဆီးခံရတာ၊ အချင်းချင်းတိုင်ကြားစာတွေပို့ကြတာဟာ တိုင်းရင်းသားတွေ အပြန်အလှန်သံသယပွားစရာ၊ အမြင်မကြည်စရာ ကောလာဟလတွေသာ ပွားစေပြီး လူမှုသဟဇာတဖြစ်မှုကိုထိခိုက် စေပါတယ်လို့လည်း ပြောပါတယ်။
မိုင်းကိုင်မြို့နယ်မှာ လူဦးရေ ၇၆၉၉၈ ဦး ၊ အိမ်ထောင်စုပေါင်း ၁၅၂၄၁ စု၊ ရွာပေါင်း ၃၅၁ ရွာ နဲ့ ကျေးရွာ အုပ်စုပေါင်း ၂၄ စု မြို့တွင်းမှာ ရပ်ကွက် ၅ ရပ်ကွက် ရှိပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာတော့ မိုင်းကိုင်မြို့နယ်အတွင်းမှာ TNP အပါအဝင် NLD၊ USDP၊ UDP၊ SNLDနဲ့ SNDP နိုင်ငံရေးပါတီ ၆ ပါတီက ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
သတင်း - နန်းစပယ်











