DVB Logo
Home
နိုင်ငံတကာ
အမေရိကန်နှင့် အီရန် အပြန်အလှန်တိုက်ခိုက်မှုများ အပြင်းအထန်ဆက်ဖြစ်နေ 
DVB
·
July 15, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်ဘက်က အီရန်အပေါ် တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်မယ်လို့ ကြေညာလိုက်ပြီးနောက် ဇူလိုင် ၁၄ ရက် ညပိုင်းမှာ အီရန်တောင်ပိုင်းဒေသတွေဖြစ်တဲ့ ဟော်မိုဇ်ဂန်နဲ့ ခူဇက်စတန် ပြည်နယ်တွေမှာ ပေါက်ကွဲသံ အမြောက်အမြား ထွက်ပေါ်ခဲ့တယ်လို့ အီရန်နိုင်ငံပိုင် IRIB သတင်းဌာနက ဖော်ပြပါတယ်။

ဘန်ဒါ အက်ဘာ့စ် ဆိပ်ကမ်းမြို့ရဲ့ အနောက်ဘက်မှာ ပေါက်ကွဲသံ ၆ ချက် ထွက်ပေါ်ခဲ့သလို ခူဇက်စတန်ပြည်နယ်ရဲ့ မြို့တော် အာဗက်ဇ်မှာလည်း အမေရိကန်ရဲ့ ဒုံးကျည်တွေ ကျရောက် ထိမှန်ခဲ့ပါတယ်။

ဒါ့အပြင် ဟော်မိုဇ်ဂန်ပြည်နယ်ထဲက ဆီရစ်ခ်ခရိုင်လည်း အင်္ဂါနေ့ညပိုင်းက အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး လူအသေအပျောက်နဲ့ ပျက်စီးဆုံးရှုံးမှုတော့ မရှိဘူးလို့ မယ့်အာ သတင်းဌာနက ဆိုပါတယ်။ ကက်ရှမ်ကျွန်း အနီးမှာလည်း ပေါက်ကွဲသံ ၃ ချက် ကြားခဲ့ရပါတယ်။

အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (CENTCOM) က အရှေ့ပိုင်းစံတော်ချိန် “အင်္ဂါနေ့ ညနေ ၃ နာရီမှာ ဟော်မုဇ် ရေလက်ကြားက ကုန်သွယ်ရေးသင်္ဘောတွေကို တိုက်ခိုက်ဖို့ သုံးနေတဲ့ အီရန်ရဲ့ စစ်အင်အားတွေကို  ဖျက်ဆီးဖို့အတွက် တိုက်ခိုက်မှုအသစ်တွေကို စတင်ခဲ့တာ” လို့ X လူမှုကွန်ရက်မှာ ပြောကြားပါတယ်။

ဒီစစ်ဆင်ရေးဟာ အင်္ဂါနေ့က ဟော်မုဇ်ရေလက်ကြားကို ရေတပ်နဲ့ ပြန်လည်ပိတ်ဆို့မှု မစတင်ခင်လေးတင် ဖြစ်ပွားခဲ့တာပါ။

အမေရိကန်စစ်တပ်ဟာ ညနေ ၄ နာရီကစပြီး အီရန်ဆိပ်ကမ်းတွေဆီ သွားလာနေတဲ့ သင်္ဘောတွေကို ရေတပ်နဲ့ ပြန်ပိတ်ဆို့လိုက်ပြီဖြစ်ပြီး လက်ရှိမှာ အရှေ့အလယ်ပိုင်းတခွင်မှာ အမေရိကန်စစ်သင်္ဘော အစီး ၂၀ ကျော်နဲ့ စစ်လေယာဉ် ရာနဲ့ချီ လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း အမေရိကန်ဟာ အီရန်ကို ၃ ညဆက်တိုက် တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့ပါသေးတယ်။

တဖက်မှာလည်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဘာရိန်းနဲ့ ကူဝိတ်နိုင်ငံတွေမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို အင်္ဂါနေ့မှာပဲ ဒုံးကျည်နဲ့ ဒရုန်းတွေသုံးပြီး ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ စယ်ပါ နယူးစ် သတင်းဌာနကနေ ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဘာရိန်းနိုင်ငံရှိ ရှိတ်ခ် အီဆာ လေတပ်စခန်းက အမေရိကန်ရဲ့ လက်နက်ဂိုဒေါင်တွေ၊ သင်္ဘောနဲ့ ရဟတ်ယာဉ် အစိတ်အပိုင်းတွေ ပျက်စီးသွားသလို ကူဝိတ်နိုင်ငံက အလီအယ်လ်ဆလမ် လေတပ်စခန်းမှာလည်း အမေရိကန်ရဲ့ MQ-9 Reaper ဒရုန်းတချို့ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

အီရန်ဘက်ကတော့ အမေရိကန်က ရာဇဝတ်မှုတွေ ဆက်လုပ်နေသရွေ့ သူတို့ရဲ့  တုံ့ပြန်မှုတွေ ဆက်ရှိနေဦးမှာဖြစ်ပြီး အမေရိကန်ရဲ့ တိုက်ခိုက်မှုတိုင်းကို မျှော်လင့်မထားတဲ့ နည်းလမ်းတွေနဲ့ တုံ့ပြန်သွားမယ်လို့ သတိပေးထားပါတယ်။

ဒီနောက်ဆုံးအခြေအနေတွေဟာ ဇွန်လလယ်ပိုင်းကမှ ရက်ပေါင်း ၆၀ အတွင်း နောက်ဆုံးသဘောတူညီချက်ရဖို့ ဆွေးနွေးကြမယ်ဆိုတဲ့ အမေရိကန်-အီရန် ငြိမ်းချမ်းရေး နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးထားခဲ့ကြပေမဲ့ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ဖို့ နှစ်ဖက်စလုံး ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဂျော်ဒန်နိုင်ငံမှာရှိတဲ့ အဲ့ဇ်ရက်ခ် အမေရိကန် စစ်အခြေစိုက်စခန်းကိုလည်း အီရန်ဘက်က ပစ်မှတ်ထားပြီး ဒရုန်းတွေ အုပ်စုလိုက် ပစ်လွှတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေနဲ့အတူ အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ ပြင်းထန်နေတဲ့အကြား အင်္ဂါနေ့မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုနဲ့ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အိုင်မန် ဆာဖာဒီတို့ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အရေးပေါ် တွေ့ဆုံခဲ့ပါတယ်။

အစည်းအဝေးမှာ ဒေသတွင်း လုံခြုံရေးဆိုင်ရာ အပြန်အလှန် စိုးရိမ်ပူပန်မှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ အမေရိကန်-ဂျော်ဒန် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဆွေးနွေးခဲ့ကြပါတယ်။

ဇူလိုင် ၁၄ ရက်မှာပဲ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကလည်း ဂျော်ဒန်နိုင်ငံမှာရှိတဲ့ အမေရိကန် လေတပ်စခန်းတခုကို အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဖားစ် သတင်းဌာနကနေ ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ဂျော်ဒန်ပြည်သူတွေကို သူတို့နိုင်ငံထဲမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို ဖျက်သိမ်းပစ်ကြဖို့ပါ အီရန်ဘက်က တိုက်တွန်းထားပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ အစ္စရေးကို မတိုက်ခိုက်ဖို့ အီရန်အစိုးရကို ဇူလိုင် ၁၄ ရက်မှာ သတိပေးခဲ့ပြီး အရင်တိုက်ခိုက်တာတွေထက် ပိုပြင်းပြင်းထန်ထန် လက်စားချေမယ်လို့ သတိပေး ပြောပါတယ်။

နေတန်ယာဟုက “တစုံတယောက်က ကျနော်တို့ကို နာကျင်စေတဲ့ နေ့ရက်တွေ ကုန်ဆုံးသွားပြီ ဖြစ်ပြီး ကျနော်တို့က ၂ ဆလောက်ပဲ ပြင်းပြင်းထန်ထန် ပြန်တိုက်ခိုက်မှာ မဟုတ်ဘူး” လို့ အစ္စရေးနိုင်ငံရဲ့ လျှို့ဝှက် နျူကလီးယား ဓာတ်ပေါင်းဖိုကနေ မဝေးလှတဲ့ အစ္စရေး သဲကန္တာရမြို့ ဒီမိုနာမှာ ကျင်းပတဲ့ ညီလာခံတခုအတွင်း ပြောခဲ့ပါတယ်။

အစ္စရေးဟာ ဒေသတွင်းမှာ နျူကလီးယားလက်နက်တိုက်ရှိတဲ့ တခုတည်းသောနိုင်ငံအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ကြပါတယ်။

အစ္စရေး အစိုးရကတော့ လိုသလို အဓိပ္ပာယ် ကောက်ယူနိုင်တဲ့ မဟာဗျူဟာအောက်မှာ အဏုမြူလက်နက်တွေ ရှိတယ်ဆိုတာကို အတည်မပြုသလို မငြင်းပယ်ခဲ့ပါဘူး။

ဒေသတွင်း လက်နက်အပြိုင်အဆိုင်ဖြစ်နိုင်တဲ့ အများပြည်သူအပေါ် ရန်လိုမှုတွေကို ရှောင်ရှားရင်း ရန်သူတွေကို တွန်းလှန်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013