
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၀၀ နီးပါးအတွက် ကုသပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ တိုင်းအစိုးရအဖွဲ့က သိရပါတယ်။
တိုင်းအတွင်းက ခရိုင် ၆ ခရိုင်မှာ နေရာ ၁၅ နေရာ စီစဉ်ထားပြီး ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၇၅ ဦး လောက်ကို ကုသပေးနိုင်မှာဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။
"တတိုင်းလုံးမှာ နေရာပေါင်း ၁၅ နေရာပြင်ထားပါတယ်၊ လူဦးရေ ၇၇၅ ဦးလောက်ကို ကုသပေးနိုင်ပါတယ်။ ရောဂါပိုး ပျံ့နှံ့မှုအပေါ်မူတည်ပြီးတော့ ပိုးတွေ့လူနာများလာရင် ကုသပေး နိုင်မယ့်နေရာတွေ တိုးချဲ့ သွားဖို့လည်း စီစဉ်ထားပါတယ်"လို့ ဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ကုသပေးနိုင်ဖို့အတွက် ခရိုင်မြို့တွေ ဖြစ်တဲ့ ပုသိမ်မြို့မှာ ၃ နေရာ၊ ဟင်္သာတမှာ ၂ နေရာ၊ မြောင်းမြမှာ ၂ နေရာ၊ မအူပင်မှာ ၂ နေရာ၊ ဖျာပုံမှဦ ၃ နေရာနဲ့ လပွတ္တာမှာ ၃ နေရာ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့ အတည်ပြုလူနာ ၁၉၅ ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ရတဲ့ လူနာဦးရေ ၅၅ ဦးရှိတယ်လို့ တိုင်းအစိုးရအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။










