Home
မြန်မာသတင်း
အင်းစိန်ထောင်၌ အကျဉ်းသား အသစ်များကို ၂၁ ရက်သီးသန့်ထားပြီး ဆေးစစ် 
DVB
·
September 28, 2020
91534251_3006590676065071_2755280846767259648_n-622x462
အင်းစိန်အကျဉ်းထောင်ထဲ အကျဉ်းသားလူသစ်တွေ ရောက်ရှိလာရင်   သီးခြား ၂၁ ရက်ကြာ ခွဲခြားထားပြီး ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ထားတယ်လို့  ရန်ကုန်တိုင်းဒေသကြီး အကျဉ်းဦးစီးဌာန တာဝန်ရှိသူက  ပြောပါတယ်။  ရန်ကုန်တိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်က “ကိုဗစ်ကာလအတွင်း အကျဉ်းထောင်ထဲ အကျဉ်းသားလူသစ် ရောက်လာရင်  ဆရာဝန်တွေနဲ့ ကျန်းမာရေးစစ်ဆေးပြီးမှ  လက်ခံပေးနေတာပါ။  လူသစ်တွေကို လက်ခံပြီးတာနဲ့  သီးခြားအဆောင်မှာ ၂၁ ရက် ခွဲခြားထားရှိပြီးမှသာ အခြားအိမ်ဆောင်တွေကို ပြောင်းရွေ့ပေးတယ်” လို့ ပြောပါတယ်။  အင်းစိန်အကျဉ်းထောင်က အမှုရင်ဆိုင်နေရတဲ့ အကျဉ်းသားတွေ ရုံးထုတ်တာတွေကို ဆိုင်းငံ့ထားပြီး ထောင်တွင်းမှာပဲ  တရားသူကြီးက  လာရောက်ကာ ရမန်ပေးထားပါတယ်။ ဒါ့ပြင် အကျဉ်းထောင်အတွင်း အကျဉ်းသားတွေ ကိုယ်ခံစွမ်းအားကောင်းမွန်စေဖို့အတွက်  အကျဉ်းသားတွေကို  ချင်းပြုတ်ရည်ရည် တိုက်ကျွေးတာ၊ ဆားငန်ရေ ငုံခိုင်းတာတွေ နေ့စဉ် လုပ်နေသလိုအိမ်ခန်းဆောင်တွေကိုလည်း ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။   အင်းစိန်ဗဟိုအကျဉ်းထောင် ထောင်ပိုင်ကြီး ဦးမျိုးဌေး က “Stay at Home  သတ်မှတ်ထားတဲ့  ကာလအတွင်း ဧည့်တွေ့ခွင့်  ပိတ်ပင်ထားပြီး ပြန်လည်ဖြေလျှော့ပေးဖို့ကတော့ ရောဂါဖြစ်ပွားမှု အခြေအနေအပေါ် မူတည်ပြီးဆောင်ရွက်သွားမယ်”လို့ ဆိုပါတယ်။  အကျဉ်းထောင်အတွင်း ‌ရောဂါကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေဖို့  စက်တင်ဘာ ၄ ရက်က စတင်ကာ  ဧည့်တွေ့ခွင့်ကို ပိတ်ပင်ထားပါတယ်။ ဒါ့အပြင်ထောင်ဝင်စာပေးပို့မယ့် အစားအသောက်နဲ့ ပစ္စည်းတွေကို   ၁၅ ရက် တစ်ကြိမ် ပါဆယ်ပေးပို့ခွင့်ပြုပေးထားပြီး  သတ်မှတ်စည်းကမ်းချက်နဲ့ အညီ အပြင်စစ်ဆေးရေးဂိတ်မှသာ လက်ခံဆောင်ရွက်ပေးနေပါတယ်။   သတင်း - နန့်ခိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024